Visit Nepal Year – 2020 အခမ်းအနားကျင်းပ

မန္တလေး ၂၂ ဖေဖော်ဝါရီ

Visit Nepal Year – 2020 အခမ်းအနားကို ဖေဖော်ဝါရီလ ၂၂ရက်နေ့ နံနက် ၁၀နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ရတနာပုံ စူပါစင်တာ ၄လွှာရှိ MRCCI Hall တွင် ကျင်းပသည်။

အခမ်းအနားကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးတင်လတ်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံ သံအမတ် မစ္စတာ Bhim K Udas၊ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှု၊လက်မှု လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးကျော်မင်းနှင့် တာဝန်ရှိသူများက ဆီမီးထွန်းညှိဖွင့်လှစ်ပေးကြသည်။

ဆက်လက်၍ ရိုးရာအကအလှများနှင့် “နီပေါအလှ” ဗီဒီယို ကြည့်ရှုကြပြီး နီပေါနိုင်ငံ သံအမတ်နှင့် ဟိုတယ်နှင့် ပြည်ထောင်စုဒုတိယဝန်ကြီးက အဖွင့်အမှာစကားကိုလည်းကောင်း၊ မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူက အမှတ်တရစကားကို လည်းကောင်း အသီးသီးပြောကြားပြီးနောက် ကုန်သည်များနှင့် စက်မှု၊လက်မှု လုပ်ငန်းရှင်များအသင်း ဥက္ကဌက နိဂုံးချုပ်အမှာစကား ပြောကြားသည်။ထို့နောက် နီပေါနိုင်ငံသံအမတ်က ပြည်ထောင်စု ဒုတိယဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများကို အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့သည်။

နီပေါခရီးသွားနှစ် (၂၀၂၀)အတွက် Visit Nepal Year – 2020 အခမ်းအနားကို တတိယအကြိမ် ကျင်းပခြင်းဖြစ်ပြီး ပထမအကြိမ်ကို ဇန်နဝါရီလ ၁ရက်နေ့တွင် ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် လည်းကောင်း၊ ဒုတိယအကြိမ်ကို ဇန်နဝါရီလ ၁၇ရက်နေ့တွင် ရန်ကုန် ကန်တော်ကြီးဥယျာဉ်တွင် လည်းကောင်း ကျင်းပခဲ့ကြောင်းနှင့် နီပေါနိုင်ငံတွင် ကမ္ဘာ့အမြင့်ဆုံး တောင်ထိပ်ပေါင်း (၈)ခု၊ ဗုဒ္ဓရှင်တော် ဖွားမြင်သည့် လုမ္ဗီနီဥယျာဉ်၊ သကျသာကီဝင်မင်းများ၏ ကပ္ပိလဝတ် မင်းနေပြည်တော်များ၊ အမျိုးသားဥယျာဉ် (၁၂)ခု၊ ခတ္တမန္ဒူ ချိုင့်ဝှမ်းဒေသ စသည့် ယဉ်ကျေးမှုနှင့် ရှေးဟောင်းသမိုင်းဝင်နေရာများ၊ခြေလျင်တောင်တက်ခြင်းနှင့် စွန့်စားခရီးသွားလုပ်ငန်းများစသည်ဖြင့် စိတ်ဝင်စားဖွယ် နေရာများဖြင့် ပြည့်နှက်နေကြောင်း သိရသည်။

ထိပ်ထားနိုင်