ဝက်ကူးစက်ရောဂါများနှင့် စပ်လျဉ်း၍ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်

၁။ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသည် စားနပ်ရိက္ခာဖူလုံရေး၊ အာဟာရပြည့်ဝရေးနှင့် အစားအစာ ဘေးကင်းလုံခြုံမှု ရှိစေရေးဟူသည့် ရည်မှန်းချက်ကို အကောင်အထည်ဖော်ဆောင်ရွက်နေသည့် အားလျော်စွာ ပြည်သူများအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်း၍ သန့်ရှင်းကောင်းမွန်သော အသားများ စားသုံးနိုင်ရန်အလို့ငှာ မိမိတို့ဌာနရှိ BSL - 2 အဆင့်ရှိ သည့် ရန်ကုန်၊ မန္တလေးနှင့် ရွှေမြို့တိရစ္ဆာန်ရောဂါရှာဖွေရေး ဓာတ်ခွဲခန်း များတွင် ဝက်ကူးစက်ရောဂါများအပါအဝင် အခြားတိရစ္ဆာန်ကူးစက်ရောဂါ များကို ရောဂါရှာဖွေစစ်ဆေးရေး လုပ်ငန်းများဆောင်ရွက်လျက် တိရစ္ဆာန် ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကိုလည်း အစဉ်မပြတ် ဆောင်ရွက်လျက် ရှိပါသည်။

၂။ ယခုလက်ရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ပြည်နယ် (၁၀) ခုတွင် ရောဂါစူးစမ်းထောက်လှမ်းခြင်း ဆောင်ရွက်ခဲ့သည့် သုတေသနလုပ်ငန်း တစ်ခုမှဝက်တုပ်ကွေးရောဂါ (Swine Flu-H1N1) ပိုးအသစ် တွေ့ရှိကြောင်း သတင်းထုတ်ပြန်ချက်အရ CovID-19 ကာလနှင့် ဆက်စပ်၍ နိုင်ငံတကာတွင် စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်လျက်ရှိပါသည်။ ၂၀၀၉ ခုနှစ် တွင် မက္ကစီကိုနိုင်ငံ၌ H1N1 pdm/09 virus တွေ့ရှိမှုနှင့် ပတ်သက်၍လည်း ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ (OIE) နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အပါအဝင် နိုင်ငံတကာမှ အဆိုပါရောဂါပိုးနှင့် ပတ်သက်သည့် လေ့လာစောင့်ကြည့်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။

၃။ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသည် ၂၀၁၀ ခုနှစ်မှစ၍ ဝက်များတွင် ဝက်တုပ်ကွေးရောဂါ (Swine Flu - H1N1) အပါအဝင် နယ်စပ်ဖြတ်ကျော် တိရစ္ဆာန်ကူးစက်ရောဂါများဖြစ်သည့် ဝက်နားရွက်ပြာရောဂါ (Porcine Respiratory and Reproductive Syndrome - PRRS - NA strain & EU strain)၊ ဆာကိုဗိုင်းရပ်စ်ကြောင့်ဖြစ်သော ဝက်အားနည်းရောဂါ (Porcine Circovirus Type 2 - PCV2), ဝက် ဝမ်းလျှောရောဂါ (Porcine Epidemic Diarrhea – PED) အာဖရိက ဝက်အပြင်းဖျားရောဂါ (African Swine Fever - ASF)၊ ဝက်၀မ်းကျရောဂါ (Classical Swine Fever) နှင့် ကူးစက်လွယ် အစာအိမ်အူရောင်ရောဂါ  (Transmissible Gastro-enteritis - TGE) များကို အချိန်နှင့်တစ်ပြေးညီ စူးစမ်းထောက်လှမ်းခြင်း၊ ဓာတ်ခွဲခန်းတွင် အတည်ပြုစစ်ဆေးခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။

၄။ ၂၀၁၇ မှ ၂၀၂၀ ပြည့်နှစ်အထိ မြို့နယ် (၂၃၀)မှ ဝက်နမူနာပစ္စည်း စုစုပေါင်း(၂၇,၃၆၃)ခု ကောက်ယူစစ်ဆေးခဲ့ပါသည်။ စစ်ဆေးချက်များအရ ဝက်တုပ်ကွေးရောဂါ (Swine Flu – H1N1) ရောဂါပိုးအား တွေ့ရှိခဲ့ခြင်းမရှိဘဲ အခြားဝက်ရောဂါများဖြစ်သည့် ဝက်နားရွက်ပြာရောဂါ (Porcine Respiratory and Reproductive Syndrome - PRRS - NA strain & EU strain)၊ ဆာကိုဗိုင်းရပ်စ်ကြောင့်ဖြစ်သော ဝက်အားနည်းရောဂါ (Porcine Circovirus Type 2 - PCV2) နှင့်  အာဖရိက ဝက်အပြင်းဖျားရောဂါ (African Swine Fever - ASF) များသာ တွေ့ရှိခဲ့ပါသည်။ ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်တွင် အာဖရိက ဝက်အပြင်းဖျားရောဂါ (African Swine Fever - ASF) ပိုးကို စစ်ဆေးတွေ့ရှိခဲ့ပြီး အဆိုပါရောဂါသည် (က)စာရင်းဝင် ကူးစက်ရောဂါဖြစ်သောကြောင့် ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ (OIE) သို့ သတင်းပေးပို့ထားပြီး ဖြစ်ပါသည်။ အာဖရိက ဝက်အပြင်းဖျားရောဂါသည် ဝက်များတွင်သာ ကူးစက်ဖြစ်ပွားတတ်သော ရောဂါဖြစ်ပြီး လူသို့ ကူးစက် နိုင်သည့် ရောဂါမဟုတ်ကြောင်း အများပြည်သူသိရှိနိုင်စေရန် သတင်းထုတ်ပြန်ထားပြီး ဖြစ်ပါကြောင်းနှင့် ဝက်တုပ်ကွေးရောဂါ (Swine Flu – H1N1) ပိုးသည် မြန်မာနိုင်ငံတွင် ကူးစက်ပျံ့နှံ့ခြင်းမရှိကြောင်း အများပြည်သူသိရှိနိုင်ရန် သတင်းထုတ်ပြန်ကြေညာအပ်ပါသည်။

                                 မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန