“ဝင်္ကပါလမ်းမများ”ရုပ်သံဇာတ်လမ်းတွဲကို ရန်ကုန်နှင့်ကလော၌ စတင်ရိုက်ကူး

Sky Net နှင့် MNTV ရုပ်သံလိုင်းတို့မှ စီစဉ်ထုတ်လုပ်ပြီး Myanmar Media 7 မှ ရိုက်ကူးတင်ဆက်မည့် “ဝင်္ကပါလမ်းမများ” ရုပ်သံဇာတ်လမ်းတွဲကို ဇန်နဝါရီလအတွင်း စတင်ရိုက်ကူး၍ အဆိုပါရုပ်သံလိုင်းနှစ်လိုင်းမှ ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

 

မိုးနီလွင်၏ ဇာတ်လမ်းကို မေကစ်၊ ချိုဝတ်ရည်လွင်နှင့် မာကို (Gol- den Fine Arts)တို့က ဇာတ်ညွှန်းရေး၍ ဒါရိုက်တာ ထွဋ်တင့်ထွန်း (HMKO) ရိုက်ကူးပုံဖော်မည့် အဆိုပါ ဇာတ်လမ်း တွဲတွင် စိုင်းစိုင်းခမ်းလှိုင်၊ ဖြိုးငွေစိုး၊ သက်မွန်မြင့်၊ အေးမြတ်သူ၊ ခင်ဝင့်ဝါ၊ ဧငြိမ်းဖြူ၊ လီလီကျော်ခိုင်၊ ဖုန်းသီရိကျော်၊ နန်းထက်ထက်ဦး၊ သီရိကျော်နှင့် အခြားသရုပ်ဆောင်များစွာ ပါဝင် သရုပ်ဆောင်ကြမည်ဟု သိရသည်။

 

“စိုင်းစိုင်းခမ်းလှိုင်နဲ့ တွဲဖက် သရုပ်ဆောင်မယ့် မျက်နှာသစ် မိန်းကလေး သုံးဦးကို ဖိတ်ခေါ်ထားပါတယ်၊ ဒီမိန်းကလေးသုံးဦးကို ဒါရိုက်တာ ထွဋ်တင့်ထွန်းက ရွေးချယ်ထားတာပါ၊ ဒီဇာတ်လမ်းတွဲက ဂီတအခြေခံတဲ့ ဇာတ်လမ်းပုံစံဖြစ်ပါတယ်။ အပိုင်းကတော့ ၂၀ ရှိမှာဖြစ်ပြီး ရန်ကုန်နဲ့ ကလောဘက်မှာ သွားရောက်ရိုက်ကူးမှာပါ။ ရသစုံ ပါဝင်မှာဖြစ်ပါတယ်”ဟု Myanmar Media 7 မှ ကိုဝေမင်းမောင်က ပြောသည်။

 

ကိုလင်း