ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း စံရိပ်ငြိမ် ဂမုန်းပွင့်နှင့် Junction Square တို့တွင် STOP COVID-19 အဝါရောင်ကမ်ပိန်း ပညာပေးဆောင်ရွက်ခြင်းသို့ တက်ရောက်

ရန်ကုန် ၂၆ ဇန်နဝါရီ

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် ကမာရွတ်မြို့နယ် စံရိပ်ငြိမ် ဂမုန်းပွင့်နှင့် Junction Square တို့တွင် Stop Covid-19 Yellow Campaign ကို ဇန်နဝါရီ ၂၅ ရက် ညနေပိုင်းကအဆို ပါနေရာများတွင် ကျင်းပသည်။

Yellow Campaign သို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ကမာရွတ်မြို့နယ် စံရိပ်ငြိမ် ဂမုန်းပွင့်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ဓါတ်ပုံပိုစတာပါ အဝါရောင်ကမ်ပိန်းကို တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ဖဲကြိုးဖြတ်၍လည်းကောင်း၊ Junction Square အဝါရောင်ကမ်ပိန်းကို ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဒေါက်တာထွန်းမြင့်နှင့် Junction Square မှ တာဝန်ရှိသူတို့က ဖဲကြိုးဖြတ်၍လည်းကောင်း ဖွင့်လှစ်ပေးပြီး ဂမုန်းပွင့်စင်တာနှင့် Junction Square အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများဖြင့် စျေးရောင်းသူများနှင့် စျေးဝယ်သူများ တိုက်ရိုက်ထိတွေ့မှုမရှိအောင် ဆောင်ရွက်ထားရှိမှုများ၊ ရောဂါကာကွယ်ရေး ပညာပေးဆိုင်းဘုတ်များ၊ ပိုစတာများတပ်ဆင်၍ ပြည်သူများအား အသိပညာပေး ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုကြသည်။

ပညာပေးဆိုင်းဘုတ်များ၊ ပိုစတာများတွင် Mask တပ်ပါ၊ ခပ်ခွာခွာနေပါ၊ တစ်ဦးကိုတစ်ဦး အသိပေးပါ သတိပေးပါ စာတန်းများဖြင့် အသိပညာပေး ဆောင်ရွက်ထားကြပြီး ပြည်သူများအနေဖြင့် ကိုဗစ်ရောဂါ ကာကွယ်ရေး နည်းလမ်းများကို ပိုမိုသိရှိလိုက်နာစေပြီး ပြည်သူများ အလေ့အထတစ်ခုအဖြစ် စွဲမြဲစွာသတိပြုနေထိုင်ရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ဆန်းကျော်ဦး (ပြန် /ဆက်)