ဝန်းသိုမြို့နယ် မြိုင်ဇေယျာကျေးရွာတွင် အရှည်ပေ ၁၅၀၀ ကျော်ရှိ ရွာတွင်းကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း လွှဲပြောင်းပေးအပ်

ဝန်းသို  ၁  ဒီဇင်ဘာ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ၏  အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေ တိုးပွားလာစေရေးအတွက် မြစိမ်းရောင်ကျေးရွာ စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ  စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ် မြိုင်ဇေယျာ ကျေးရွာတွင်  ယင်းစီမံကိန်းအတိုးရငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သော အရှည်ပေ ၁၅၀၀ ကျော်ရှိ ရွာတွင်းလမ်းများ ကွန်ကရစ်ခင်းခြင်းလုပ်ငန်း လွှဲပြောင်းအပ်နှံခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းအချိန်က အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေစိုးအောင်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဇော်လင်းဦး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စောအေးနှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းက ကျေးရွာရပ်မိရပ်ဖ တစ်ဦးထံ ကွန်ကရစ်လမ်းနှင့် သက်ဆိုင်သော စာရွက်စာတမ်းများကို လွှဲပြောင်းပေးအပ်ခဲ့သည်။

 

မြိုင်ဇေယျာကျေးရွာတွင်းလမ်း အရှည်ပေ ၁၅၀၀ ကျော် အကျယ် ၁၂ ပေ ထု ၆ လက်မရှိ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းကို  မြိုင်ဇေယျာကျေးရွာနှင့် ရေဝေကုန်းကျေးရွာ နှစ်ရွာတစ်ယူနစ် မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေ ကျပ်သိန်း ၁၀၀ ဖြင့် ကျေးရွာဖွံ့ဖြိုးရေးကော်မတီမှဦးဆောင်၍ ကျေးရွာလူထုကိုယ်တိုင် ဆောင်ရွက်ပြီးစီးခဲ့ခြင်းဖြစ်ပြီး အဆိုပါရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ပြီးစီးပြီဖြစ်၍ အိမ်ခြေ ၇၈ အိမ် လူဦးရေ ၃၅၀ ကျော်တို့အတွက် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍတို့တွင် များစွာအကျိုးပြုနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။

ကျော်မြိုင်(ပြန်/ ဆက်)