ဝန်းသိုမြို့နယ်အတွင်းရှိ ကျေးရွာများတွင် မြစိမ်းရောင်စီမံကိန်းချေးငွေ ပြန်လည်ထုတ်ချေး

ဝန်းသို  ၂၂  အောက်တိုဘာ

 

ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန်၊ ဆင်းရဲသောမိသားစုများ အလုပ်အကိုင် အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားလာစေရန် ရည်ရွယ်၍ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်ကျေးရွာ စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်တွင် ကျေးရွာပေါင်း(၃၅)ရွာ၊ ယူနစ်ပေါင်း(၂၁)ယူနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

မြစိမ်းရောင်ကျေးရွာ စီမံကိန်းဝင်ကျေးရွာများအနက် တပ်လွင်အုပ်စုအတွင်းရှိ တပ်လွင်ကျေးရွာ၊ ‌ဆင်ကုန်းကျေးရွာ၊ ကျောက်တောကျေးရွာတို့တွင်  တစ်ယူနစ်အတွက် ဆဋ္ဌမအကြိမ် လည်ပတ်ရန်ပုံငွေ ကျပ်သိန်း(၄၃၆)သိန်းကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းနှင့် ဝန်ထမ်းများက ကျေးရွာအသီးသီးသို့ လက်ဝယ်အရောက် သွားရောက်ထုတ်ပေးရာတွင် ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြသည်။

 

ယင်းကျေးရွာ(၃)ရွာတွင် စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်ရန် တောင်သူ(၇)ဦးအား ငွေကျပ်သိန်း(၇၀)၊ မွေးမြူရေး လုပ်ငန်းဆောင်ရွက်ရန် တောင်သူ(၄၄)ဦးအား ငွေကျပ် (၃၅၆) သိန်း၊ အသေးစား ရောင်းဝယ်ရေး လုပ်ငန်းဆောင်ရွက်ရန် (၁)ဦးလျှင် (၁၀)သိန်း စုစုပေါင်း ကျပ် ၄၃၆ သိန်း ပြန်လည် ထုတ်ပေးခဲ့ရာတွင် တပ်လွင်ကျေးရွာမှ (၁၄)ဦး၊ ဆင်ကုန်းကျေးရွာမှ (၃၁)ဦး၊ ကျောက်တော ကျေးရွာမှ(၇)ဦး စုစုပေါင်းအိမ်ထောင်စု (၅၂)စုတို့ကို တစ်ပိုင်တစ်နိုင်စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်နိုင်စေရန် ထုတ်ချေးပေးနိုင်ခဲ့ကြောင်း သိရသည်။

 

မွှေးကြူဇင်