ဝန်းသိုမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အသင်းဝင် ၅၂ ဦးကို ငွေကျပ် ၄၃၆သိန်း ပြန်လည်ထုတ်ချေးပေး

ဝန်းသို  ၂၂  အောက်တိုဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်၊ တပ်လွင်ကျေးရွာအုပ်စုအတွင်းရှိ (တပ်လွင်+‌ဆင်ကုန်း + ကျောက်တော) မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးရွာတစ်ယူနစ်အတွက် ဆဌမ အကြိမ် စီမံကိန်း အသင်းဝင်(၅၂)ဦးအား လည်ပတ်ရန်ပုံငွေကျပ်(၄၃၆)သိန်း  ပြန်လည်ထုတ်ချေးခြင်းကို ယမန်နေ့က လက်ဝယ်အရောက် ပြန်လည်ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

 

mdn

 

အဆိုပါ စီမံကိန်းချေးငွေထုတ်ချေးရာတွင် စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်ရန် တောင်သူ(၇)ဦးကို ငွေကျပ်သိန်း(၇၀)၊ မွေးမြူရေးလုပ်ငန်းဆောင်ရွက်ရန် တောင်သူ(၄၄)ဦးကို ငွေကျပ်သိန်း(၃၅၆)၊ အသေးစား ရောင်းဝယ်ရေး လုပ်ငန်းဆောင်ရွက်ရန် တောင်သူတစ်ဦးကို ငွေကျပ်(၁၀)သိန်း စုစုပေါင်း ငွေကျပ်(၄၃၆)သိန်းကို တောင်သူ(၅၂)ဦးအား တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်စေရန် ပြန်လည်ထုတ်ချေး ပေးခဲ့ပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းနှင့်ဝန်ထမ်းများက ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ပေးခဲ့သည်။

 

ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန်၊ ဆင်းရဲသောမိသားစုများ အလုပ်အကိုင် အခွင့်အလမ်းနှင့် မိသားစု ဝင်ငွေတိုးပွားလာစေရန် ရည်ရွယ်၍ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနက မြစိမ်းရောင် ကျေးရွာစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက် ပေးလျှက်ရှိရာ ဝန်းသိုမြို့နယ်တွင် ကျေးရွာပေါင်း(၃၅)ရွာ၊ ယူနစ်ပေါင်း(၂၁)ယူနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိ ကြောင်း သိရသည်။

 

ကျော်မြိုင် (ပြန်/ဆက်)