ဝါရင့်ဟာသ သရုပ်ဆောင်၊ လူရွှင်တော်ကြီး ဦးမန်းဝင်းကို ဇူလိုင် ၁၅ ရက် ဗုဒ္ဓဟူးနေ့ နောက်ဆုံး ခရီးအဖြစ်ပို့ကြမည်

ရန်ကုန်  ၁၃  ဇူလိုင်

ရုပ်ရှင်နှင့်ဗီဒီယို ဟာသသရုပ်ဆောင် ဦးမန်းဝင်းသည်၊ ယ​နေ့ မနက် ၆ နာရီ မိနစ် ၄၀ တွင် ကွယ်လွန်သွားရှာပြီးဖြစ်ကြောင်း နှင့် ဇူလိုင် ၁၅ ရက် ဗုဒ္ဓဟူနေ့သည် သူ၏နောက်ဆုံး ခရီးပင်ဖြစ်ကြောင်း လုပ်ဖော်ကိုင်ဖက် အနုပညာရှင်များ၏ သတင်းစကားများအရ သိရသည်။

 

“ဒီကနေ့ မနက် ၅ နာရီ မိနစ် ၅၀ က စပြီး ဦးမန်းဝင်း ရဲ့ အသက်ရှူနှုန်း က ကျလာခဲ့တာပါ။ အရင်က အခုလိုဖြစ်ပြီး ပြန်နိုးလာတတ်တော့ အခုလည်း ပြန်နိုးလာမယ် ထင်ပြီး စောင့်နေခဲ့မိတယ်၊ နောက်ဆုံးတော့ သူ့ကို လက်လွှတ်လိုက်ရတယ်၊ လူတကာ ပျော်ရွှင်ရယ်မောနေရင်ပျော်နေတဲ့ ဖန်တီးရှင်တစ်ယောက်ပါ၊ ရုပ်ရှင်နှင့်ဗီဒီယို ဟာသ သရုပ်ဆောင် ဦးမန်းဝင်းဟာ ၁၈ နှစ်သားအရွယ်ထဲက အနုပညာလမ်း ဇာတ်သဘင်လောက က စတင်ဝင်ရောက်ခဲ့တာ ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ကားများမှာလည်း ဟာသ သရုပ်ဆောင်အဖြစ် နှစ်ပေါင်း ၆၀ ကျော်ကြာ လုပ်ကိုင်ခဲ့သူဖြစ်ပါတယ်” ဟု ဦးမန်းဝင်း၏ ဇနီး ဒေါ်ခင်အေးကြူ က ကြေကွဲဝမ်းနည်းစွာပြော ကြားခဲ့သည်။

 

လူရွှင်တော်ကြီး ဦးမန်းဝင်း(ခ)ဦးဖိုးစံသည် အလယ်တန်းပြ အ​ငြိမ်းစားကျောင်းဆရာမ ဇနီး ဒေါ်ခင်အေးကြူ သားသမီးမြေးများနှင့်  ရန်ကုန်မြို့ သာကေတမြို့နယ်  ၇/အနောက်ရပ်ကွက် ပတ္တမြား(၂)လမ်း အိမ်အမှတ်(၁၁၃၂) တွင် အတူနေလျက် အသက် ၇၈ နှစ်တွင် လူကြီးရောဂါကြောင့် ယနေ့နံနက် တွင် အနိစ္စရောက်  ဘဝတစ်ပါးသို့ ပြောင်းသွားရှာသောကြောင့် ကွယ်လွန်သူ ရုပ်ရှင်နှင့်ဗီဒီယို ဟာသသရုပ်ဆောင် ဦးမန်းဝင်းအား ရည်စူး၍ ကျန်ရစ်သူ မိသားစုက သက်ပျောက် တရားနာ အလှူကို ယနေ့တွင် ပြုလုပ်ပေးခဲ့​ပြီး လာမည့် ဇူလိုင် ၁၅  ရက် ဗုဒ္ဓဟူးနေ့ တွင်  စျာပနကို ကျီစုသုသာန်သို့ ပို့ဆောင်ကာ ဦးမန်းဝင်းရဲ့ နောက်ဆုံးခရီးအဖြင့်   မီးသင်္ဂြိုဟ်သွားမည်​ ဖြစ်ကြောင်း သိရသည်။

ရွှေမြိုင်မောင်ဖုန်း