Yangon Water Bus ကို နိုင်ငံခြားမှ ဝယ်ယူထားသည့် ရေယာဉ်များဖြင့် ပြေးဆွဲမည်ဖြစ်ပြီး Payment စက်များ တပ်ဆင်လျက်ရှိ

ရန်ကုန်  ၂၂  နိုဝင်ဘာ

 

Yangon Water Bus ကို နိုင်ငံခြားမှ ဝယ်ယူထားသည့် ရေယာဉ်များဖြင့် ပြေးဆွဲမည်ဖြစ်ပြီး Payment စက်များ တပ်ဆင်လျက်ရှိကြောင်း  ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA)မှ တွဲဘက်အတွင်းရေးမှူး ဦးလှအောင် က ပြောသည်။

 

"ရန်ကုန်မှာ နိုင်ငံခြားက ယာဉ်သစ် ခြောက်စီး ဝယ်ယူထားပါတယ်၊ သုံးစီးသည် ဒီနေ့ရေချပြီးဖြစ်ကြောင်း အဲဒီသင်္ဘော ခြောက်စီးမှာမှ နှစ်စင်းမှာ Payment Machine နဲ့ပတ်သက်ပြီးတော့ KBZ Pay/ CB Pay/ Visa/ Mastercard စတဲ့ ဒီလိုကတ်မျိုးတွေနဲ့ လုပ်နိုင်အောင်စက်များ တပ်ဆင်လျှက်ရှိကြောင်း နှစ်စင်းမှာ တပ်ဆင်ပြီးဖြစ်ကြောင်း လေးစင်းမှာ တပ်ဆင်ရန်ကျန်ရှိကြောင်း သက်ဆိုင်ရာကုမ္ပဏီကနေ ကျွန်တော်တို့ဆီ အကြောင်းကြား ခဲ့ပါတယ်"ဟု ဦးလှအောင် က ပြောသည်။

 

လက်ရှိတွင် နိုင်ငံခြားမှ ဝယ်ယူထားသည့် ရေယာဉ်ခြောက်စင်းဖြင့် ​ပြန်လည်ပြေးဆွဲနိုင်ရန် Payment စက်များ တပ်ဆင်လျက်ရှိသည့်အပြင် ယခင်ပြေးဆွဲခဲ့သည့် ပြေးဆွဲလမ်းကြောင်းများရှိ ဆိပ်ခံတံတားများကို အသစ်ပြန်လည် ဆောင်ရွက်လျှက်ရှိသောကြောင့် လုပ်ငန်းများပြီးစီးရန် ၂၅ ရက်ခန့် ကြာမြှင့်မည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

 

ထို့ပြင် ယခင်ပြေးဆွဲခဲ့သော Yangon Water Bus ပြည်တွင်းထုတ် ရေယာဉ်ခုနှစ်စင်းနှင့် နိုင်ငံခြားထုတ် ရေယာဉ်သုံးစင်းကို ဧရာဝတီတိုင်းတွင် ဒေါက်တင်ထားကြောင်း၊ ယင်းရေယာဉ်များကို ကုမ္ပဏီ၏ တင်ပြချက်အရ ဧရာဝတီတိုင်းဒေသကြီးဘက်တွင် ပြေးဆွဲရန် တင်ပြထားကြောင်း ဦးလှအောင် က ဆက်ပြောသည်။

 

Yangon Water Bus ကုမ္ပဏီအနေဖြင့် ရေယာဉ်များကို အကြီးစားပြင်ဆင်မှုများ ဆောင်ရွက်ရန်အတွက်  ပြီးခဲ့သည့် စက်တင်ဘာ ၂၇ ရက်မှစ၍ မိုးရာသီတွင် ပျက်စီးခဲ့သည့် ဆိပ်ကမ်းများကို ပြုပြင်​​ခြင်း၊ ရေယာဉ်များ အကြီးစားပြုပြင်ခြင်း၊ ငမိုးရိပ်ချောင်းအတွင်း ပြေးဆွဲမည့် ရေယာဉ်များတင်သွင်းခြင်း၊ ငမိုးရိပ်ချောင်းဆိပ်ကမ်းများ ဆောက်လုပ်ခွင့်ရရှိခြင်း၊ သံလျင်ဆိပ်ကမ်း ပြုပြင်ဆောက်လုပ်ခြင်းနှင့် ငွေပေးချေစနစ်သစ်အတွက် စက်များတပ်ဆင်ခြင်းတို့ကို ဆောင်ရွက်ရန် ပြေးဆွဲမှု​ခေတ္တ ရပ်နားခဲ့ခြင်းဖြစ်သည်။

 

Yangon Water Bus ကို တင့်တင့် မြန်မာကုမ္ပဏီက ၂၀၁၇ အောက်တိုဘာ ၇ ရက်မှစ၍ အင်းစိန်မှ ဗိုလ်တထောင်မြို့နယ်အထိ စတင်ပြေးဆွဲခဲ့ပြီး ပြေးဆွဲမူယာယီမရပ်နားမီ အချိန်အထိ နေ့စဉ်ရေယာဉ် ၁၁ စီးဖြင့် ပြေးဆွဲခဲ့ကာ တစ်လလျှင် ခရီးသည် တစ်သိန်းဝန်းကျင်ကို သယ်ဆောင်ပြေးဆွဲပေးနေကြောင်း သိရသည်။

 

ထို့ပြင် ရန်ကုန် Water Bus အနေဖြင့် နေ့စဉ် ပုံမှန်ခရီးစဉ်အပြင် ဘုရားဖူးနှင့် အပျော်စီးခရီး စဉ်များအတွက်လည်း ပြေးဆွဲပေးနေကြောင်း သိရသည်။

 

Nyein Nyein