ယောဂလေ့ကျင့်ခန်း မစတင်ခင် ဒါတွေပြင်ဆင်ထားပါ

ဒီဘက်ခေတ်မှာ ယောဂလေ့ကျင့်ခန်းတွေဟာလည်း လူငယ်တွေကြားမှာ ခေတ်စားလာပါတယ်။ အလေးအပင်တွေ မစရာမလိုအပ်သလို ပေါ့ပေါ့ပါးပါးနဲ့ အသက်အရွယ်မရွေး ဆော့လို့ရတယ်။ မိန်းကလေးတွေဆိုရင် မလိုအပ်တဲ့ အဆီပိုတွေကျစေပြီး ခန္ဓာကိုယ်အချိုးအစား ပြေပြစ်စေတယ်။ အမျိုးသားတွေဆိုရင်လည်း  တစ်နေကုန် အလုပ်လုပ်ထားတဲ့ ဒဏ်တွေ၊ အားကစား၊ လေ့ကျင့်ခန်း အပြင်းအထန်လုပ်ခြင်းကြောင့် ကြွက်သားညောင်းကိုက်တာတွေကို ယောဂကစားခြင်းဖြင့် ပြေလျော့စေတယ်။ အသက်ကြီးပိုင်းတွေအတွက်လည်း ကျန်းမာရေးကောင်းစေတယ်၊ သွက်လက် ပေါ့ပါးစေတယ်၊ မှတ်ဉာဏ်ကောင်းစေတယ်၊ အရွယ်တင်စေပါတယ်။

 

ဒီဆောင်းပါးမှာ ယောဂကစားရတာ သဘောကျတဲ့သူတွေအတွက်ရော၊ တစ်ခါမှ မကစားဖူးလို့ အခုမှ စတင်ကစားဖို့ စဉ်းစားနေတဲ့သူတိုင်း သိထားသင့်တဲ့၊ ကြိုတင်ပြင်ဆင်ထားရမယ့် အချက်တွေကို ပြောပြပေးချင်ပါတယ်။

 

ကိုယ်ဝတ်မယ့် အဝတ်အစားကို သေချာရွေးချယ်ရပါမယ်

 

ပုံမှန်လေ့ကျင့်ခန်းလုပ်သလို ပေါ့ပေါ့ပါးပါး ဖြစ်မယ်ထင်တာလေးတွေပဲ ရွေးဝတ်လို့ မရပါဘူး။ ယောဂသည် ကိုယ်ခန္ဓာတစ်ခုလုံးရဲ့ လှုပ်ရှားမှုကို ထိန်းညှိပေးတဲ့ လေ့ကျင့်ခန်းမျိုး ဖြစ်တဲ့အတွက် စတင်ချိန်မှ ပြီးဆုံးချိန်အထိ တစ်လျှောက်လုံး ကိုယ့်အတွက် သက်သောင့်သက်သာဖြစ်နေမယ့် အဝတ်အစားမျိုး ရွေးချယ်သင့်ပါတယ်။

 

• ယောဂကစားတဲ့ နေရာမှာ ဖိနပ်တော့ ဝတ်လို့မရပါဘူး။ ပုံမှန်က ခြေဗလာနဲ့ပဲ ကစားရတယ်ဆိုပေမယ့် အရေပြားပြဿနာရှိသူတွေ၊ ခြေထောက်ကို ထိခိုက်ထားသူတွေအနေနဲ့ ယောဂကစားဖို့ သီးသန့်ခြေအိတ်တွေ ဝတ်ဆင်နိုင်ပါတယ်။ ယောဂအတွက် သီးသန့်ခြေအိတ်တွေက အောက်က ယောဂဖျာကို ကပ်တွယ်ထားပြီး ကစားရင်း ပြုတ်မကျအောင်၊ ချောလဲမကျအောင် ထိန်းပေးထားဖို့ အတွက်ပါ။

 

• ဘောင်းဘီကို အလွယ်တကူ ကွေးဆန့်လို့ရပြီး မပြဲသွားစေနိုင်တဲ့ ဘောင်းဘီမျိုး ရွေးဝယ်ပါ။ ဘောင်းဘီရှည်ဆိုရင် အရမ်းကျပ်စရာမလိုပါဘူး။ ဘောင်းဘီတိုဆိုရင်တော့ ကိုယ့်ခြေထောက်နဲ့ ကွက်တိဖြစ်မယ့် size မျိုး ရွေးဝတ်ပေးပါ။

 

• အပေါ်ပိုင်း အင်္ကျီကို ရွေးချယ်တဲ့အခါ ကိုယ့်ရဲ့ ရင်ဘတ်နဲ့ ဗိုက်နဲ့ အံဝင်ခွင်ကျဖြစ်နေမယ့် အသားကပ် အင်္ကျီမျိုး ရွေးဝတ်ပါ။ ပွပွချောင်ချောင် အဝတ်အစားတွေနဲ့တော့ ယောဂဆော့လို့ အဆင်မပြေပါဘူး။

 

မဖြစ်မနေ ယူသွားသင့်တဲ့ ပစ္စည်းတွေက ဘာတွေလဲ

 

ချွေးအလွန်အကျွံထွက်နိုင်တဲ့အတွက် ရေဓာတ်ဆုံးရှုံးမှုမဖြစ်စေဖို့ ရေဘူးယူသွားပေးပါ။ မျက်နှာသုတ်ပဝါ အသေးတစ်ထည်ယူသွားပြီး ချွေးအရမ်းထွက်နေပြီဆိုတာနဲ့ သုတ်ပေးပါ။ ယောဂဖျာကတော့ ပုံမှန်အားဖြင့် ယောဂလေ့ကျင့်တဲ့ အခန်းတိုင်းမှာ ထားပေးတတ်ပေမယ့် တခြားသူတွေ သုံးပြီးသား မသုံးချင်ဘူး၊ အသန့်ကြိုက်တယ် ဆိုရင်တော့ ကိုယ့်အတွက် သီးသန့်ယောဂဖျာ ယူသွားနိုင်ပါတယ်။

 

ယောဂကျင့်ဖို့ တခြားလေ့ကျင့်ခန်းတွေကို နားလိုက်စရာမလိုပါဘူး

 

တချို့တွေက ယောဂမဆော့ခင် တခြားလေ့ကျင့်ခန်းတွေ အရင်လုပ်လိုက်ရင် အားမရှိမှာ၊ ကြွက်သား ညောင်း ကိုက်မှာ စိုးရိမ်တတ်ကြပါတယ်။ တကယ်တမ်းမှာတော့ နားစရာမလိုပါဘူး။ ယောဂ လေ့ကျင့်ခန်းသည် အရမ်းအားစိုက်ထုတ်ပြီး လုပ်ရတဲ့ လေ့ကျင့်ခန်းမျိုး မဟုတ်သလို သူ့ရှေ့မှာ တခြားလေ့ကျင့်ခန်း အပြင်းအထန်လုပ်ခဲ့ရင်လည်း ညောင်းကိုက်နေသမျှ ကြွက်သားတွေ၊ အရိုးအဆစ်တွေ၊ အကြောအချဉ်တွေကို ပြေလျော့စေတာမို့ စိတ်ပူစရာမလိုပါဘူး။ ဒါပေမယ့် နားခြင်း၊ မနားခြင်းကတော့ ကိုယ့်ဆုံးဖြတ်ချက်ပေါ်မှာ မူတည်ပါတယ်။

 

အစာစားတာနဲ့ ပတ်သက်ပြီး ဘာသိထားသင့်လဲ

 

ယောဂသည်လည်း တခြားသော လေ့ကျင့်ခန်းတွေလိုမျိုး ဗိုက်အပြည့်အတင်းကြီးနဲ့ ဆော့လို့ အဆင်မပြေပါဘူး။ မတော်တဆ ဗိုက်အောင့်ဗိုက်နာတာ၊ အော့အန်တာ၊ ဝမ်းသွားချင်လာတာ၊ ယောဂ ကျင့်နေရင်း ဗိုက်အစ်သလို ခံစားရတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ယောဂမဆော့ခင် အနည်းဆုံး တစ်နာရီ နှစ်နာရီလောက်တော့ခြားပြီး အစာစားထားသင့်ပါတယ်။ အစာစားတဲ့အခါမှာလည်း အရမ်းရင်ပြည့်စေနိုင်တဲ့ အစားအစာမျိုးတွေရှောင်ပြီး ပေါ့ပေါ့ပါးပါးပဲ စားပေးပါ။

 

ပထမဆုံးအကြိမ် ယောဂလေ့ကျင့်မယ့်သူတွေ ဒီအချက်တွေကို သိထားပြီး ဂရုစိုက်ပေးပါ

 

၁။ ကိုယ်က ယောဂကို ပထမဆုံးကစားမယ့်သူဆိုရင် လေ့ကျင့်ပေးမယ့်သူကို သေချာပြောပြထားပါ။ ယောဂကစားတဲ့နေရာမှာ အလွယ်လုပ်ရတဲ့ အဆင့်တွေရှိသလို အနည်းငယ် လုပ်ရခက်တဲ့ အဆင့်တွေလည်း ရှိပါတယ်။ ကိုယ်က ပထမဆုံးကစားမှာဖြစ်တဲ့အတွက် မဖြစ်မနေ အတင်းကြိတ်မှိတ်ပြီး လေ့ကျင့်စရာမလိုပါဘူး။ ကိုယ်နိုင်တဲ့ အဆင့်မှာပဲ ရပ်နေခဲ့ပါ။

 

၂။ ယောဂသည် ခန္ဓာကိုယ်တွင်းက အကြောအချဉ်တွေကို ပြေလျော့စေတဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။ ဒီအတွက် ပထမဆုံး ကစားတဲ့အခါမှာ တစ်သက်လုံး တင်းနေသမျှ အကြောတွေကို ဆွဲဆန့်သလို ဖြစ်တတ်တဲ့အတွက် အထဲထဲက အကြောပြတ်သလို နည်းနည်းလေး စပ်နေနိုင်ပါတယ်။ ဒါက ဖြစ်တတ်တဲ့ အခြေအနေမို့ အရမ်းစိတ်ပူစရာမလိုပါဘူး။ ရက်အနည်းငယ်အတွင်း ပျောက်သွားနိုင်သလို စပ်နေတဲ့နေရာမှာ ရေခဲဝတ်ကပ်ပေးတာမျိုး လုပ်ပေးနိုင်ပါတယ်။

 

၃။ လေ့ကျင့်သင်ကြားပေးမယ့် ဆရာ သို့မဟုတ် ဆရာမရဲ့ လမ်းညွှန်ချက်၊ ညွှန်ကြားချက်တွေအတိုင်း သေချာလိုက်နာပါ။ အထူးသဖြင့် အသက်ရှူသွင်း၊ ရှူထုတ်တဲ့ နေရာမှာ ပိုပြီး အာရုံစိုက် နားထောင်ပေးပါ။ နားမလည်ရင် လေ့ကျင့်ပေးမယ့်သူကို ချက်ချင်းမေးပါ။

 

၄။ ကိုယ့်မှာ အရိုးအကြောနဲ့ ဆိုင်ရာရောဂါတွေ၊ ခြေလက်မသန်စွမ်းတာ၊ တစ်ခုခု ထိခိုက်ထားတာရှိရင် လေ့ကျင့်ပေးမယ့် ဆရာမကို ကြိုပြောထားပါ။ အစပိုင်းမှာ လိုက်လုပ်ကြည့်ရင်း မခံမရပ်နိုင်အောင် နာလာရင် နားလိုက်ပါ။

 

နောက်ထပ် သိထားသင့်တဲ့ အချက်တွေအနေနဲ့ ကိုယ့်ရဲ့ ယောဂဖျာကို တခြားသူတွေနဲ့ အရမ်းနီးကပ်မနေအောင် ထားထားပါ။ ဖုန်းကို အသံပိတ်ထားပါ သို့မဟုတ် ဖုန်းပိတ်ထားလိုက်ပါ။ မကြာခဏ ထသွားထလာ မလုပ်ပါနဲ့။ အကယ်လို့ ဆက်မဆော့နိုင်တော့ဘူးဆိုရင်လည်း လေ့ကျင့်ပေးတဲ့သူကို သေချာပြောပြီး ၅မိနစ်ခန့် လဲလျောင်းကာ အနားယူပြီးမှ ထသွားပါ။ ယောဂအတန်းချိန်မစခင် စောစောရောက်လာပါ။ ယောဂကစားပြီးတိုင်း ရေနွေးနွေးနဲ့ ချိုးပေးတာ၊ ရေစိမ်တာမျိုး လုပ်ပေးပါ။ ညဘက်ကို စောစောအိပ်စက်အနားယူပါ။

 

Hello ဆရာဝန် ပရိသတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင် ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

 

ရေးသားသူ Ye Myo Myat

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”