ယောချောင်းကူး  ဂုံဘိုတံတား နှစ်လမ်းသွား သံကူကွန်ကရစ်တံတား ဆောက်လုပ်ရန် မြေသန့်မင်္ဂလာ အခမ်းအနား ကျင်းပ

ကျောက်ထု၊ ၁၆ ဇန်နဝါရီ

ပခုက္ကူ-ပေါက်-ကျောက်ထု-မင်းတပ် ပြည်ထောင်စုကားလမ်းပေါ်ရှိ မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ကျောက်ထုမြို့ ဂုံဘိုတံတား (ယောချောင်းကူး) နှစ်လမ်းသွား သံကူကွန်ကရစ်တံတား ဆောက်လုပ်ရန် မြေသန့်မင်္ဂလာကို ယနေ့နံနက်ပိုင်းက တံတားဆောက်လုပ်မည့် နေရာ၌ ပြုလုပ်သည်။

 

မြေသန့် မင်္ဂလာသို့  ကျောက်ထုဒေသရှိ ကျောင်းထိုင်ဆရာတော် ငါးပါး၊ မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်၊ ကျောက်ထုမြို့ အုပ်ချုပ်ရေးမှူး ဦးဇော်ဌေးဉီး၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဖိတ်ကြားထားသည့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

 

မြေသန့်မင်္ဂလာတွင် ဂုံဘိုရပ်ကွက်ကျောင်း ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ ဇနိန္ဒ ထံမှ ငါးပါးသီလကို ခံယူဆောက်တည်ကြကာ ဆရာတော်များ ရွတ်ပွါးပူဇော်သည့် အန္တရာယ်ကင်း ပရိတ်တရားတော်များကို နာယူ ပူဇော်ကြသည်။

 

အဆိုပါဂုံဘိုတံတား (ယောချောင်းကူး) အား တံတားဦးစီးဌာန၊ တည်ဆောက်ရေး (၁)၊ တံတားအထူး အဖွဲ့ (၃) ပခုက္ကူ၊ ဒုတိယညွှန်ကြားရေးမှူး (မြို့ပြ) ဦးတင်နိုင်ကိုကိုအဖွဲ့မှ တာဝန်ယူ တည်ဆောက်မည်ဖြစ်သည်။ တံတားကို ပေအရှည် ၇၀၀ ယာဉ်သွားလမ်းအကျယ် ၂၄ ပေဖြင့် ဘိုးပိုင်အုတ်မြစ် သံကူကွန်ကရစ် အောက်ထည်၊ သံကူကွန်ကရစ် အပေါ်ထည် တို့ဖြင့် တည်ဆောက်မည်ဟု သိရသည်။

 

စီမံကိန်းတန်ဖိုး ကျပ်သန်း ၂၃၄၆ သန်း ဖြစ်ပြီး၊၂၀၂၀-၂၁ ဘဏ္ဌာရေးနှစ်တွင် ရရှိရန်ပုံငွေ ကျပ်သန်း ၁၀၀၀ ဖြင့် လုပ်ငန်းများ စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။

မောဟေမာန် (ပြန်ဆက်)