ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ဆန်တန်ချိန် ၂ ဒသမ ၄ သန်း တင်ပို့မည့် လျာထားချက် ပြည့်မီနိုင်ရေး ဆောင်ရွက်လျက်ရှိ

၃၀ ဇွန်

 

ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ဆန်တန်ချိန် ၂ ဒသမ ၄ သန်း တင်ပို့မည့် လျာထားချက် ပြည့်မီနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။

 

ပြီးခဲ့သည့် ဇွန် ၂၆ ရက်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် ဆန်ပြည်ပတင်ပို့ခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် နိုင်ငံတော်ရိက္ခာ အရန်ဆန် ဝယ်ယူသိုလှောင် ဖြန့်ဖြူးခြင်းဆိုင်ရာ ကိစ္စရပ်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့သည်။

 

အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြည်ပဆန်တင်ပို့ခြင်းအား ဇူလိုင်နှင့် သြဂုတ်တို့တွင် တစ်လလျှင် ဆန်တန်ချိန် ၁ ဒသမ ၅ သိန်းစီ၊ စက်တင်ဘာတွင် ဆန်တန်ချိန် တစ်သိန်း စုစုပေါင်း တန်ချိန်လေးသိန်း ထပ်မံတင်ပို့ရန် လျာထား၍ ညှိနှိုင်းဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

 

လက်ရှိ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဇွန် ၁၂ ရက်အထိ ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ ၂၀၄၄၄၄၁ ဒသမ ၃၂၈ တန် တင်ပို့ထားပြီး တင်ပို့မှုမှ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၆၀၅ ဒသမ ၉၀၇ မီလီယံ ရရှိထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။

 

ထို့ပြင် ဇူလိုင်မှ စတင်၍ ကုမ္ပဏီများ၏ ဆန် ပြည်ပတင်ပို့မှုအပေါ် ပမာဏ ကန့်သတ်ထားခြင်းစနစ်အား ပယ်ဖျက်လျက် Contract စာချုပ်များအရ လိုင်စင်လျှောက်ထားခြင်းကို ခွင့်ပြုသတ်မှတ်ပေးရန် ညှိနှိုင်းဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

 

နိုင်ငံတော်ရိက္ခာ အရန်ဆန် ၁၀ ရာခိုင်နှုန်း ပေးသွင်းခြင်းကိုလည်း ဇူလိုင် ၁ ရက်မှ စတင်၍ ပို့ကုန်ပမာဏ၏ ၅ ရာခိုင်နှုန်းသို့ လျှော့ချသတ်မှတ်ရန်နှင့် ပို့ကုန်လိုင်စင် မလျှောက်ထားမီ ၂ ဒသမ ၅ ရာခိုင်နှုန်း ပေးသွင်းကာ ပို့ကုန်လိုင်စင်ရပြီး ၁၅ ရက်အတွင်း ၂ ဒသမ ၅ ရာခိုင်နှုန်း ပေးသွင်းသည့်စနစ်ကို ဆောင်ရွက်ပေးရန် ညှိနှိုင်းဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

 

ထို့ပြင် ဆန်ပို့ကုန်လိုင်စင်၏ သက်တမ်းကိုလည်း ယခင် ၄၅ ရက်အစား ရက်ပေါင်း ၆၀ အထိ တိုးမြှင့်သတ်မှတပေးရန် ညှိနှိုင်းဆုံးဖြတ်ခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။

 

ငြိမ်းငြိမ်း