ယဉ်ကျေးမှုမျက်နှာစာ

၁၈  ဇန်နဝါရီ

ဘာပဲပြောပြော လက်ရှိအနေနဲ့ မန္တလေးဟာ မြန်မာနိုင်ငံမှာ ဒုတိယအကြီးဆုံးမြို့ဖြစ်တယ်။ စီးပွားရေးအရရော၊ ယဉ်ကျေးမှုအရရော အချက်အချာကျတယ်ဆိုတာလည်း မငြင်းနိုင်ပါဘူး။ ဒါပေမယ့် အဲဒီအချက်အချာကျတဲ့ စီးပွားရေးနှင့် ယဉ်ကျေးမှုတွေဟာ ၁၉၈၄ ဦးကျားကြီးဝင်း မီးဘေးပြီးနောက် သိသိသာသာကြီး စတင်ပွန်းပဲ့လာတယ်။ ၂၀၀ဝ ပြည့်နှစ်နောက်ပိုင်းမှာတော့ အမျိုးသားစီးပွားရေးနဲ့ အမျိုးသားယဉ်ကျေးမှု ပွန်းပဲ့မှုဟာ ပြိုကျယိုင်လဲလုလုဆီ ဦးတည်နေပြီမို့ မြန်မာပြည်ရဲ့ နောက်ဆုံးခံတပ် မန္တလေးကို ကာကွယ်ကြလို့ သတိပေးသံ တုန်ဟည်းလာခဲ့တယ်။

အမျိုးသားရေးအမှတ်လက္ခဏာ

မန္တလေးမှာ အရှေ့အနောက်တန်းလျက် အထင်ကရ လမ်းမကြီးတွေကို အေလမ်း၊ ဘီလမ်း၊ စီလမ်း၊ ဒီလမ်း လို့  ခေါ်တွင်ခဲ့ကြတာက အင်္ဂလိပ်အမွေအနှစ်လို့ သမုတ် ပြီး ၁၉၉ဝ ဝန်းကျင်မှာ ရန်ကြီးအောင်လမ်း၊ ဘုရင့်နောင် လမ်း၊ ပင်းယလမ်း၊ အင်းဝလမ်းလို့ ပြောင်းလဲခေါ်ဝေါ်သုံးစွဲ စေခဲ့တယ်။ခေတ်ပြောင်း၊ စနစ်ပြောင်းခြင်းလက္ခဏာရဲ့ အပြောင်းအလဲလို့ ဆိုပါတယ်။ မန္တလေးမြို့က အေလမ်း၊ ဘီလမ်း၊ စီလမ်း၊ ဒီလမ်းဆိုတာတွေက လမ်းအမှတ် များရှိပြီးဖြစ်တယ်။ ၃၅ လမ်း၊ ၂၆ လမ်း၊ ၂၂ လမ်း၊ ၁၉ လမ်းတွေဖြစ်တယ်။ ဒီလမ်းမကြီးတွေထဲက ၂၂ လမ်းက နန်းမြို့ အာဠဝီတံခါးနှင့်တည့်တည့်မို့ အာဠဝီလမ်းလို့ အမည်ရှိတယ်။ ဒီလိုပဲ ၁၉ လမ်းကလည်း စည်ရှည်(စက်ရှင်)တံခါးနှင့်တည့်တည့်မို့ စည်ရှည် (စက်ရှင်) လမ်းဟု အမည် ရှိပြီး ဖြစ်ပါတယ်။ ဒီအမည်တွေက အင်္ဂလိပ်အမည်များ မဟုတ်ခဲ့ပါဘူး။

၂၆ လမ်းမကြီးပေါ် အာဇာနည် ၁၇ ဦးတို့သွေးမြေကျခဲ့

၂၆ ဘီလမ်းသည်ကား မြန်မာ့လွတ်လပ်ရေးတိုက်ပွဲ အတွက် တကယ့်သမိုင်းဝင် အထင်ကရလမ်းမကြီးဖြစ်ခဲ့ တယ်။ လွတ်လပ်ရေးတိုက်ပွဲသမိုင်းတွင် တိုက်ပွဲဒီရေ အမြင့်ဆုံးဖြစ်ခဲ့တဲ့ ၁၃ဝဝ ပြည့် အရေးတော်ပုံကာလ အင်္ဂလိပ်အစိုးရရဲ့ မတရားဖိနှိပ်တဲ့ မတရားဥပဒေများကို ရဲရဲတောက်ဆန့်ကျင်ကာ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတဲ့ မန္တလေးမြို့က ရဟန်းရှင်လူ၊ ကျောင်းသူ ကျောင်းသားနှင့် မြို့သူမြို့သားတွေကို လက်နက်နဲ့ ရက်ရက်စက်စက် နှိမ်နင်းခဲ့လို့ ၂၆ လမ်းမကြီးပေါ် အာဇာနည် ၁၇ ဦးတို့ သွေးမြေကျခဲ့တယ်။ အဲဒီ ရဲရဲနီတဲ့သွေးတို့ဖြင့် ၂၆ လမ်းကို "အာဇာနည်လမ်း" လို့ အမည်ပေးခဲ့တဲ့သမိုင်းက အထင်အရှားရှိခဲ့တယ်။ ဒီအာဇာနည်လမ်းဆိုတဲ့အမည်က အဓမ္မမှုကို တိုက်ခဲ့တဲ့၊ နယ်ချဲ့ကိုတိုက်ခဲ့တဲ့၊ အမျိုးဘာသာ သာသနာကို ကာကွယ်ခဲ့တဲ့၊ လွတ်လပ်ရေးကို တောင်းဆိုခဲ့တဲ့အမည်ဖြစ်ပါလျက် ဘုရင့်နောင်လမ်းလို့  အဓမ္မအမည်ပြောင်းခဲ့တယ်။ ဒီလိုနဲ့ ဆယ်စုနှစ် နှစ်စုကာလအတွင်း “အာဇာနည်လမ်း” ဆိုတဲ့ သမိုင်းဝင်အမည်က ပျောက်ကွယ်ခဲ့ရတယ်။

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုသောအားဖြင့်

ဒါ့အပြင် မန္တလေးရဲ့ အသည်းနှလုံးဖြစ်ခဲ့တဲ့ ဈေးချိုတော်ကြီးနှင့် မန္တလေးရဲ့ အထွတ်အထိပ်ဖြစ်တဲ့ မဟာမုနိဘုရား ကြီးတို့ ဆက်သွယ်တဲ့ အထင်ကရလမ်းမကြီး (၈၄ လမ်း)ကိုလည်း မန္တလေးမြို့လူထုက လွတ်လပ်ရေးဖခင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုသောအားဖြင့် "ဗိုလ်ချုပ်အောင်ဆန်းလမ်း" လို့ ခေါ်တွင်ခဲ့တယ်။ ရေးသားခဲ့တယ်။ မှတ်တမ်းပြုခဲ့တယ်။ ယခု "ဗိုလ်ချုပ်အောင်ဆန်းလမ်း" အမည်သညာသည် မှေးမှိန်ပျောက်ကွယ်သွားပြန်ပါပြီ။

အဲဒီ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးမှ မဟာမုနိဘုရား ကြီးမြောက်မုခ်နှင့် အရှေ့ ၄၅ တာတို့ ဆက်စပ်တဲ့ လမ်းမ ကိုလည်း ဂျပန်ဖက်ဆစ်တော်လှန်ရေးကာလ မန္တလေးမှာ  ရုံးထိုင်ပြီး အခြေအနေအချိန်အခါနှင့် ကိုက်ညီစွာ ၁၉၄၅ ခု မတ်လ ၈ ရက်နေ့ကတည်းက ဂျပန်ကို စစ်ကြေညာတိုက်ခိုက်ခဲ့တဲ့ ဗိုလ်မှူးဗထူးကို ဂုဏ်ပြုသောအားဖြင့် "ဗိုလ်ဗထူးလမ်း" ဟု ခေါ်ဝေါ်သုံးစွဲခဲ့ကြတယ်။ ဘာလို့လဲဆိုတော့ ဗိုလ်မှူးဗထူးက ဂျပန်ကိုတော်လှန်ခဲ့ပြီး စစ်ကြေညာ လက်မှတ်ရေးထိုးခဲ့တဲ့ အထက်ဗမာပြည်စစ်ရုံးချုပ်မှာ အဲဒီလမ်းပေါ်မှာ တည်ရှိသောကြောင့်လည်း ဖြစ်ပါတယ်။ ယခု အနောက် ၄၅ တာ မီးသတ်အရှေ့ဘက်ရှိ "ဗုဒ္ဓပြတိုက်" လို့ ကမ္ပည်းဆိုင်းဘုတ်တင်အပ်သော အဆောက်အအုံပဲဖြစ်ပါတယ်။ ယခု ဗိုလ်ဗထူးလမ်းကိုလည်း မေ့ပျောက် နေကြပါပြီ။

မန္တလေးမှာ ပထမဆုံးသွေးမြေကျခဲ့တဲ့ ရဟန်းတော် 

၁၉၂၄ ခု ဩဂုတ်လ ၁၆ ရက်နေ့မှာ မြန်မာနိုင်ငံလုံး ဆိုင်ရာ ညီညွတ်ရေးအဖွဲ့ကြီးရဲ့ သုံးလပတ်အစည်းအဝေးကို မန္တလေးမြို့မှာ ကျင်းပခဲ့တယ်။ ဒီအစည်းအဝေးကြီးကို ဆရာတော်   ဦးဥတ္တမလည်း  ကြွလာတော်မူခဲ့တယ်။ ဆရာတော်ဦးဥတ္တမ ကြွလာမည်ကို မန္တလေးမြို့မှ ရဟန်းရှင်လူပြည်သူလူထုတို့ ကြိုဆိုကြရာ အစိုးရပုလိပ်အဖွဲ့နှင့် ရုန်းရင်းဆန်ခတ်ဖြစ်ပြီး နှိမ်နင်းမှုကြောင့် မန္တလေးမြို့က ဦးစန္ဒိမာဘွဲ့အမည်ရှိ ရဟန်းတော် တိမ်းပါးပျံလွန်တော်မူ ခဲ့တယ်။ မတရားတဲ့ ဖိနှိပ်မှုအမိန့်ကို ဆန့်ကျင်ရင်း အသက် စွန့်လွှတ်ခဲ့တဲ့ ရဟန်းတော်ကို ဂုဏ်ပြုသောအားဖြင့် အဲဒီ လမ်း (၃၁ လမ်း) ကို အရှေ့ဘက်  ၆၂ လမ်းမှ အနောက်ဘက် မိကျောင်းတံတားအထိ "အရှင်စန္ဒိမာလမ်း" လို့ မြို့လူထုက ကမ္ပည်းတင်ဂုဏ်ပြုခဲ့ကြတယ်။ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် မန္တလေးမှာ ပထမဆုံး သွေးမြေကျခဲ့တဲ့ ရဟန်းတော်ကို  ဂုဏ်ပြုခဲ့တဲ့  လမ်းမအမည်မှာလည်း အခုအခါ စုန်းစုန်းမြုပ်နေပါပြီ။

တည်ဆောက်ရေးနဲ့ ယဉ်ကျေးမှု

တော်လှန်ရေးလို့ဆိုလိုက်ရင် ကျွန်တော်တို့က သေနတ် တွေ၊ အမြောက်တွေနဲ့ စစ်ပွဲပဲမြင်လိမ့်မယ်။ မဟုတ်ပါဘူး၊ အဟောင်းတစ်ခုကနေ အသစ်ဆီ အင်နဲ့အားနဲ့ တွန်းတွန်းတိုက်တိုက် ပြောင်းလဲရရင်လည်း တော်လှန်ရေးပဲ။ တိုင်းပြည်ကို ရည်မှန်းချက်မူတစ်ခုချပြီး ထူထောင်ရေးတာဝန်ကလည်း တော်လှန်ရေးပဲ။ ဒီကနေ့ ကျွန်တော်တို့ တိုင်းပြည်ဟာ တော်လှန်ရေးတစ်ရပ်ကို ဆင်နွှဲနေရတုန်းပဲ။ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုဆိုတဲ့ တော်လှန်ရေး...၊ ဒီလို ကာလမျိုးမှာ  စစ်မျက်နှာဟာ  အမြဲ နှစ်ဖက်ရှိတယ်။ တည်ဆောက်ရေးနဲ့ ယဉ်ကျေးမှုဖြစ်တယ်။ ဒီစစ်မျက်နှာ (ဝါ) မျက်နှာစာဟာ ဆတူဖြစ်ရမယ်။ ဘယ်ဘက်မှ အသာပေးလို့မရ။ ငါတို့တိုင်းပြည်တည်ဆောက်ရေးက အရေးကြီးတယ်၊ အရင်အဟောင်းအရှုပ်တွေဖြည်လို့ မပြီးသေးဘူး၊ မင်းတို့ယဉ်ကျေးမှုတွေ သမိုင်းတွေက အရေးမကြီးပါဘူး၊ ထားခဲ့ပါဦး၊ နေပါဦးလို့ လုပ်လို့မရဘူး။ အလားတူပဲ တိုင်းပြည်မှာ အချိန်က အရေးကြီးနေတဲ့ကာလ ပွဲလမ်းသဘင်ပေါင်းစုံနဲ့ ခြိမ့်ခြိမ့်သည်းနေလို့ ပကတိကို မေ့ပျောက်တာမျိုးလည်း မဖြစ်သင့်ပါဘူး။

ကျောက်ခေတ်မှသည် ရတနာပုံခေတ်အထိ သမိုင်းဝင်နေရာတွေ

ဒီကနေ့အခြေအနေက ယဉ်ကျေးမှုမျက်နှာစာ ပျောက်လို့ မဖြစ်ဘူး။ အထူးသဖြင့် ကျောက်ခေတ်မှသည် ရတနာပုံ ခေတ်အထိ တန်ဖိုးရှိ သမိုင်းဝင်နေရာတွေ အစုံအလင်ရှိတဲ့ မန္တလေးတိုင်းဒေသကြီးလို   နေရာမျိုးမှာ  ယဉ်ကျေးမှု မျက်နှာစာအပေါ် တန်ဖိုးထားဆောင်ရွက်ရမယ့် ကိစ္စတွေဟာ ဒီကနေ့ အရေးတကြီး လိုအပ်နေပါတယ်။ ဒါကြောင့် မန္တလေးတိုင်းဒေသကြီးမှသည် ပြည်ထောင်စုတစ်ဝန်းလုံးက  ဒြပ်ရှိဒြပ်မဲ့ ယဉ်ကျေးမှုမျက်နှာစာတွေကို နည်းမှန်လမ်းမှန် ဖော်ထုတ်ရေး၊ ထိန်းသိမ်းရေး၊ မှတ်တမ်းတင်ရေး ကိစ္စတွေဟာ အရေးကြီးလုပ်ငန်းတွေပဲ ဖြစ်ပါတယ်။

ဆူးငှက်