ယဉ်ကျေးမှုမြင့်မှ နိုင်ငံနှင့်လူမျိုးဂုဏ်တင့်

၂၅  ဇန်နဝါရီ

နိုင်ငံတိုင်းနိုင်ငံတိုင်းတွင် ရှေးဟောင်းအမွေအနှစ်၊ ရှေးအစဉ်အဆက် ယဉ်ကျေးမှုဂုဏ်ဒြပ်များရှိသည်။ ယဉ်ကျေးမှု ဂုဏ်ဒြပ်မြင့်မားမှု၊ ထင်ရှားမှုရှိလျှင်ရှိသလောက် ထိုနိုင်ငံနှင့်နိုင်ငံသားတို့ နိုင်ငံများအလယ်တွင် ဝင့်ကြွားထည်ဝါပေသည်။ ယဉ်ကျေးမှုအစဉ်အလာကြီးမားသော၊ ထိုယဉ်ကျေးမှုကို ကောင်းစွာထိန်းသိမ်းစောင့်ရှောက်နိုင်သော နိုင်ငံနှင့်နိုင်ငံသားများ၏ အမျိုးသားအားမာန်များ၊ နိုင်ငံ၏ ဂုဏ်သရေများ ထည်ဝါခံ့ညားပေသည်။

ယဉ်ကျေးမှုအစဉ်အလာကြီးမားသောနိုင်ငံများတွင် မြန်မာနိုင်ငံသည် မြင့်မားသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ လူသားများစတင်ဖြစ်တည်လာသည်မှ နိုင်ငံတည်ခေတ်ဦးမှသည် မြန်မာမင်းများအဆက်ဆက်တိုင်အောင် ပြောင်မြောက်သော ယဉ်ကျေးမှုအမွေအနှစ်များကို ဖန်တီးနိုင်ခဲ့သည်။ ထို့အပြင် ရှေးနှစ်ပေါင်းထောင်ချီ မှီတင်းနေထိုင်လာကြသော တိုင်းရင်းသား လူမျိုးစုအသီးသီးတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှုအစဉ်အလာများမှာလည်း ယနေ့ထက်တိုင် မပျောက်မပျက်ထိန်းသိမ်းထားဆဲ ဖြစ်သည်။

မြန်မာနိုင်ငံရှိ ဒြပ်ရှိယဉ်ကျေးမှုအမွေအနှစ်များအနက် ပျူမြို့ဟောင်း သုံးမြို့သည် အစောဆုံး ရှေးဟောင်းမြို့ပြအမွေအနှစ်များဖြစ်သည်။ ဟန်လင်း၊ သရေခေတ္တရာ၊ ဗိဿနိုး ပျူမြို့ဟောင်းသုံးမြို့နှင့် ရှေးဟောင်းပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသများကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်များအဖြစ် ဂုဏ်ယူဖွယ်ရာ သတ်မှတ်ခံခဲ့ရပြီး ဖြစ်သည်။ ဆက်လက်၍ မြောက်ဦးရှေးဟောင်း ယဉ်ကျေးမှုဒေသနှင့် အခြားဒြပ်ရှိ၊ ဒြပ်မဲ့ယဉ်ကျေးမှုများကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်သည်။

အများပြည်သူတို့အနေဖြင့် ကိုင်တွယ်ထိတွေ့၍ရသည့် ဒြပ်ရှိ ယဉ်ကျေးမှုများကိုသာ များသောအားဖြင့် သိရှိထားကြသည်။ ကိုင်တွယ် ထိတွေ့၍မရသည့် ရှေးဟောင်းအစဉ်အလာနှင့် အသုံးအဆောင်ဒြပ်မဲ့ပစ္စည်း မှာလည်း ယဉ်ကျေးမှုအမွေအနှစ်များဖြစ်၍ ယင်းတို့ကို ထိန်းသိမ်းစောင့်ရှောက်ပြီး ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရေး ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်သည်။ ယခုအခါ မြန်မာနိုင်ငံတွင် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ၂၂၈၉ ခုကို မြန်မာနိုင်ငံအမျိုးသား ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ မှတ်ပုံတင် စာရင်းတွင် မှတ်ပုံတင်ထားပြီး ယင်းတို့အနက် မြန်မာ့သနပ်ခါးယဉ်ကျေးမှု ဓလေ့ကို ယူနက်စကို၏လူ့ယဉ်ကျေးမှုကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုစာရင်းတွင် ပထမဆုံးမှတ်ပုံတင်ခွင့်ရရေး ကြိုးပမ်းနေသည်။

ယဉ်ကျေးမှုအမွေအနှစ်များ ပေါများသောနိုင်ငံတွင် မိမိတို့၏ယဉ်ကျေးမှုကို မိမိတို့ကိုယ်တိုင် မထိန်းသိမ်း မစောင့်ရှောက်နိုင်ပါက ယဉ်ကျေးမှုများ ကွယ်ပျောက်၍ ကြာလာလျှင် တိုင်းပြည်ပါပျောက်ကွယ်သွားနိုင်ပေသည်။ တိုင်းပြည်ကွယ်ပျောက်သည်ဆိုသည်မှာ တိုင်းတစ်ပါးက လာရောက်သိမ်းပိုက်ခြင်းမဟုတ်ဘဲ သူ့အလိုလို ကွယ်ပျောက်မှန်းမသိ ကွယ်ပျောက်နေခြင်းကို ဆိုလိုသည်။ ကိုယ်ပိုင်ယဉ်ကျေးမှုပျောက်ပြီး တိုင်းတစ်ပါးယဉ်ကျေးမှုများ ထိုးဖောက်ဝင်ရောက်ကာ ယဉ်ကျေးမှုသမိုင်း ပျောက်ဆုံးနေသည့် မရေရာသည့် နိုင်ငံများ၊ ဖွံ့ဖြိုးတိုးတက်သော်လည်း အနှစ်သာရမဲ့သည့်နိုင်ငံများကို ညွှန်းပြနိုင်သည်။

ထို့ကြောင့်ရှိပြီးကိုယ်ပိုင်ယဉ်ကျေးမှုများ၊ ရှေးဟောင်းအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ကြရမည် ဖြစ်သည်။ ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရာတွင် ခိုင်မာသည့်ဥပဒေ၊ နည်းဥပဒေများလိုအပ်ပြီး ယင်းတို့ကို မြန်မာနိုင်ငံတွင် ရေးဆွဲထုတ်ပြန်ထားသည်။ ခေတ်မီပြီးစနစ်ကျ သည့်ပြတိုက်များသည် ထိရောက်သောထိန်းသိမ်းမှု ဖြစ်သည်။ ယဉ်ကျေးမှုကို ထိန်းသိမ်းရာ၌ ဘတ်ဂျက်၊ နည်းပညာ၊ အဖွဲ့အစည်းအင်အားတောင့်တင်းမှုနှင့် ပြည်သူများ၏အသိတရားဖြင့် ပါဝင်လက်တွဲ ဆောင်ရွက်မှုတို့သည် အရေးကြီးသည်။ လက်ရှိတွင် ထိန်းသိမ်းစောင့်ရှောက်မှုနှင့် ပြည်သူများ၏ အသိတရား အားနည်းသည်ဟု ဆိုရမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် မြန်မာနိုင်ငံ အမျိုးသားယဉ်ကျေးမှုဗဟိုကော်မတီ ဖွဲ့စည်းထားပြီး ဒြပ်ရှိ/ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များအား ထိန်းသိမ်းစောင့်ရှောက်ရေးကို အလေးထားဆောင်ရွက်နေသည်။ ဥပဒေ၊ နည်းဥပဒေ များနှင့်အညီ ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ပြည်သူများအသိတရားဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းတို့အားကောင်း လာအောင် ဆောင်ရွက်နေသည်။ ယဉ်ကျေးမှုအမွေအနှစ်များသည် လူမှုပတ်ဝန်းကျင်တွင်ရှိသဖြင့် နိုင်ငံသားအားလုံးက ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ကာကွယ်မည်ဟူသည့် အသိတရားရှိဖို့ လိုအပ်ပါသည်။

သို့ဖြစ်ရာ ဒြပ်ရှိ/ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များပေါများသော မြန်မာနိုင်ငံတွင် ဖြစ်ထွန်းတည်ရှိခဲ့သော ရှေးဟောင်းအမွေအနှစ်များအားလုံး မပျောက်မပျက်မပျက်မစီး ခိုင်မြဲစွာတည်ရှိနေစေရေးအတွက် အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြမှသာ အစဉ်အလာကြီးမားသော မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်များ တည်တံ့ဖြစ်ထွန်းပြီး နိုင်ငံတကာအလယ်တွင် ဂုဏ်ယူဝင့်ကြွားဖွယ် နိုင်ငံနှင့်လူမျိုးအဖြစ် ကျက်သရေတင့်မည် ဖြစ်ပါကြောင်း။

ကြေးမုံ