YUPT ၏ ရှယ်ယာပြဿနာကို ပြန်သုံးသပ်ပေးရန်ရှယ်ယာရှင် ၁၉၀ က ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ထံ တင်ပြထား

၂၁ နိုဝင်ဘာ

 

ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေး အများနှင့် သက်ဆိုင်သော ကုမ္ပဏီ (YUPT)၏ ရှယ်ယာပြဿနာကို ပြန်သုံးသပ်ပေးရန် ရှယ်ယာရှင် ၁၉၀ က ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ထံ တင်ပြထားကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA)မှ တွဲဘက်အတွင်းရေးမှူး ဦးလှအောင် က ပြောသည်။

 

"အခု ရှယ်ယာထည့်ထားတဲ့ ပုဂ္ဂိုလ် ၁၉၀ ဦးသည် သူတို့ရဲ့ဆန္ဒ ဒီလိုရှိပါတယ်ဆိုတာ ကျွန်တော်တို့ YRTA ကို တင်လာပြီးဖြစ်ပါတယ်၊ ဒီအချက်တွေနဲ့ပတ်သက်လို့လည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ကို YRTA ဥက္ကဌမှတဆင့် ကျွန်တော်တို့ တင်ပြထားပြီးဖြစ်ပါတယ်၊ ကျွန်တော်တို့က အဲဒီအပေါ်မှာ ဆွေးနွေးပြီးရင် ဘယ်လိုလုပ်ငန်းတွေ ဆက်လက်သွားမယ်ဆိုတာကို ကျွန်တော်အားလုံး အသိပေးပါ့မယ်၊ လောလောဆယ် ကျွန်တော်တို့ရဲ့အထက် တိုင်းဒေသကြီး အစိုးရ အဖွဲ့ကို တင်ပြထားဆဲဖြစ်ပါတယ်"ဟု ဦးလှအောင် က ပြောသည်။

 

အဆိုပါ  YUPT ကုမ္ပဏီ၏ ရှယ်ယာပြဿနာကို အမြန်ဆုံး ဖြေရှင်းဆောင်ရွက်ပေးရန် ယင်း ကုမ္ပဏီတွင် ကျန်ရှိသည့် ရှယ်ယာရှင်များ၏ သဘောထားများကိုလည်း ထပ်မံတောင်းခံ ထားကြောင်း ၎င်းက ဆက်ပြောသည်။

 

ပြီးခဲ့သည့် အောက်တိုဘာ ၃၀ ရက်က Gandamar Grand Ballroom တွင် ပြုလုပ်ခဲ့သည့် ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေး အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် (YUPT)၏ ဒုတိယအကြိမ် နှစ်ပတ်လည် အထွေထွေအစည်းအဝေးတွင် အမြတ်ငွေခွဲပေးရန်နှင့်  အစိုးရအဖွဲ့က တိုက်ရိုက်ခန့်ထားသည့် ဒါရိုက်တာအဖွဲ့ဝင်အချို့ နှုတ်ထွက်ပေးရန်  ရှယ်ယာရှင် အချို့က တောင်းဆိုခဲ့သည်။

 

ထိုသို့ YUPT ၏ ဒုတိယအကြိမ် နှစ်ပတ်လည် အထွေထွေအစည်းအဝေးတွင် မပြေလည်မှုများ ဖြစ်ပွားခဲ့သည့်အတွက် နောက်ရက်၌ YRTA ဥက္ကဋ္ဌ ဖြစ်သူ ဝန်ကြီးဒေါ်နီလာကျော်က အဖွဲ့ဝင် များနှင့်အတူ ယာဉ်ပိုင်ရှင်ကိုယ်စားလှယ်များကို လက်ခံတွေ့ဆုံခဲ့ပြီး ၎င်းတို့တင်ပြချက် အားလုံးသည် YUPT တွင် ပါဝင်နေသော ရှယ်ယာရှင်များ၏ ဆန္ဒဟုတ်၊မဟုတ်ကို ပြန်လည်မေးမြန်းခဲ့သည်။

 

ထို့ကြောင့် YRTA အနေဖြင့်  ရှယ်ရာထည့်ဝင်ထားသည့် ရှယ်ယာရှင်များ၏ တင်ပြမှုအပေါ် အကောင်းဆုံး ဖြေရှင်းပေးသွားမည့် အပြင် YBS သယ်ယူပို့ဆောင်ရေး အခန်းကဏ္ဍတွင် YUPT ကုမ္ပဏီ၏ ပြေးဆွဲမှုကြောင့် ပြည်သူလူထုသွားလာမှု အခက်အခဲမရှိစေရန်နှင့်  YUPT ကုမ္ပဏီ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကြိုးပမ်း ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ဦးလှအောင် က ထပ်မံပြောကြားသည်။

 

လက်ရှိ YBS ကုမ္ပဏီများထဲတွင် YUPTကုမ္ပဏီသည် အင်အားအကြီးဆုံးနှင့် ယာဉ်လိုင်းအများဆုံး ပါဝင်ပြေးဆွဲနေခြင်းဖြစ်ပြီး ယင်းကုမ္ပဏီတွင်  ရှယ်ယာထည့်ဝင်ထားသည့် ရှယ်ယာရှင် နှစ်ရာ ကျော် ရှိကာ ရန်ကုန်တိုင်းအစိုးရကလည်း ရှယ်ယာထည့်ဝင်ထားကြောင်း သိရသည်။

 

Nyein Nyein