ယူဂန်ဒါနိုင်ငံတွင် ဆောက်လုပ်ဆဲအဆောက်အဦ ပြိုကျမှုဖြစ်ပွား ခြောက်ဦးသေဆုံး၊ သုံးဦးဒဏ်ရာရ

၉ ဇန်နဝါရီ

 

ယူဂန်ဒါနိုင်ငံ ကမ်ပါလာမြို့တော် ကန်စန်ဂါ ဆင်ခြေဖုံးတွင် ဆောက်လုပ်ဆဲအဆောက်အဦ တစ်လုံး ယမန်နေ့က ပြိုကျမှုဖြစ်ပွားပြီးနောက် အလုပ်သမား ခြောက်ဦးသေဆုံးပြီး အခြားသုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသန္တရ ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

 

ရုပ်အလောင်းများကို အပျက်အစီးများမှ ပြန်ထုတ်ယူပြီး ဒဏ်ရာရသူများကို ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ကမ်ပါလာ မက်ထရိုပိုလီတန် ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ပတ်ရစ် အွန်ရန်ဂို က တယ်လီဖုန်းဖြင့် သတင်းထောက်များကို ပြောကြားခဲ့သည်။

 

အဆိုပါ အဆောက်အဦ ပြိုကျရသည့် အကြောင်းအရင်း စုံစမ်းစစ်ဆေးရန် ကော်မတီအဖွဲ့တစ်ခု ဖွဲ့စည်းထားကြောင်း အွန်ရန်ဂို က ဆိုသည်။

 

၂၀၁၉ ခုနှစ် မေလ က ကမ်ပါလာတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်  လူနေအိမ် ခြံစည်းရိုး နံရံ ပြိုကျကာ ကလေးငယ်လေးဦး အပါအဝင် လူ ငါးဦး သေဆုံးခဲ့သည်။

 

နောက်တစ်လအကြာတွင် ယင်းမြို့ရှိ စာသင်ကျောင်းဝန်း နံရံ ပြိုကျခဲ့ပြီးနောက် ကလေးငယ်ခြောက်ဦး သေဆုံးခဲ့ပြီး အခြား နှစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို