ယူရို ၂၀၂၀ ချန်ပီယံရှစ်ပြိုင်ပွဲ အဖွင့်ပွဲစဉ်တွင် ပြင်သစ်အသင်းက နာမည်ကြီး ဂျာမနီအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့

ယူရို ၂၀၂၀ ချန်ပီယံရှစ်ပြိုင်ပွဲ ပွဲစဉ်(၁)အဖြစ် အုပ်စု(F)မှ ၂၀၁၈ ကမ္ဘာ့ဖလားချန်ပီယံ ပြင်သစ်အသင်းနှင့် နာမည်ကြီး ဂျာမနီအသင်းတို့ ပွဲစဉ်ကို ဇွန် ၁၆ ရက် နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ ပြင်သစ် အသင်းက တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ နည်းပြ ဒက်စ်ချမ့်စ် တာဝန်ယူကိုင်တွယ်နေသည့် ပြင်သစ်အသင်းသည် ယနေ့ပွဲစဉ်တွင် နာမည်ကြီး ကစားသမားများဖြစ်သည့် လောရစ်၊ ပါဗက်၊ ဗာရာနီ၊ ကန်တီ၊ ပေါ့ဂ်ဘာ၊ ဂရစ်ဇ်မန်း၊ ဘင်ဇီမာ၊ ဘမ်ဘတ်ပီစသည့် ကစားသမားများဖြင့် ပွဲထွက်လာခဲ့သည်။ ဂျိုအားချင်လို တာဝန်ယူကိုင်တွယ် နေသည့် ဂျာမနီအသင်းကလည်း နူအာ၊ ရူဒီဂါ၊ ဟမ်းမဲလ်၊ ဂျင်တာ၊ ခရူးစ်၊ ဂန်ဒိုဂန်၊ ဟာဗက်ဇ်၊ မူလာ၊ ဂနာဘရီစသည့် ကစားသမားများဖြင့် ပြင်သစ်အသင်းကို ရင်ဆိုင်လာခဲ့သည်။

 

ပြင်သစ်အသင်းနှင့် ဂျာမနီအသင်းတို့သည် ယူရို ၂၀၂၀ ချန်ပီယံရှစ် ပြိုင်ပွဲတွင် အုပ်စု ()၌ လက်ရှိယူရိုချန်ပီယံ ပေါ်တူဂီ၊ ဟန်ဂေရီအသင်းတို့ နှင့်အတူ ကျရောက်နေသည်။ ထို့ကြောင့် ပြင်သစ်အသင်း ရော၊ ဂျာမနီ အသင်းပါ ယူရိုပြိုင်ပွဲနောက်တစ်ဆင့် တက်ရောက်ရန်အတွက် ယနေ့ ပွဲစဉ်ကို အနိုင်ရရှိရန် ကစားသမားအင်အား အတောင့်တင်းဆုံးပုံစံဖြင့် ပွဲထွက်လာခဲ့သည်။ ရလဒ်ကောင်းရရှိရန် အကောင်းဆုံးပြင်ဆင်လာသည့် အသင်းနှစ်သင်းဖြစ်သောကြောင့် ပွဲစသည်နှင့် တစ်ပြိုင်နက် ပြိုင်ဆိုင်မှုမြိုင်ဆိုင်လာခဲ့သည်။

 

ယနေ့ပွဲစဉ်တွင် ပြင်သစ်အသင်းသည် ဂျာမနီအသင်းအပေါ် နည်းဗျူဟာ ပိုင်း၊ ကစားကွက်ပိုင်းတွင် သိသိသာသာအသာစီး ရယူထား နိုင်ခြင်းမရှိခဲ့သည်ကို တွေ့ရသည်။ ပွဲချိန် မိနစ် ၂၀ တွင် ဂျာမနီအသင်းမှ ခံစစ်ကစားသမား ဟမ်းမဲလ် ကိုယ့်ဂိုးကိုယ်သွင်းယူမိသလိုဖြစ်ခဲ့၍ ပြင်သစ်အသင်း အဖွင့်ဂိုးရရှိခဲ့သည်။ ပထမပိုင်းပွဲချိန်အတွင်း အပြန်အလှန် ထိုးဖောက်မှု၊ ဂိုးကန်သွင်းမှုများ ရှိခဲ့သော်လည်း ဂိုးအဖြစ် ပြောင်းလဲ နိုင်ခြင်းမရှိသောကြောင့် ပြင်သစ်အသင်းက တစ်ဂိုး-ဂိုးမရှိဖြင့် ဦးဆောင် ထားနိုင်ခဲ့သည်။

 

ဒုတိယပိုင်းတွင် ဂျာမနီအသင်းသည် ဝါနာ၊ ဆာနေးတို့ ဝင်လာ ပြီးနောက် အသင်းကစားပုံ ကောင်းမွန်လာခဲ့သည်။ သို့သော်လည်း လိုအပ်နေသည့် ချေပဂိုးကို ရယူနိုင်ခြင်းမရှိချေ။ ပွဲချိန် ၈၅ မိနစ် တွင် ပြင်သစ်အသင်းမှ ဘင်ဇီမာ ဂိုးသွင်းယူနိုင်ခဲ့သော်လည်း ဗွီအေအာရ်က ပယ်ဖျက်ခဲ့သောကြောင့် ပြင်သစ်အသင်း နစ်နာခဲ့ရသည်။ ထို့နောက် ပွဲချိန်ပြည့်သည်အထိထပ်မံဂိုးသွင်းယူနိုင်ခြင်း မရှိသောကြောင့် ပြင်သစ် အသင်းက တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

 

အုပ်စု (F) မှ အခြားသောပွဲစဉ်တွင် ဟန်ဂေရီအသင်းနှင့် ပေါ်တူဂီ အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ပြီး လက်ရှိချန်ပီယံ ပေါ်တူဂီအသင်းက အသင်းခေါင်းဆောင် စီရော်နယ်ဒို၏ သွင်းဂိုးနှစ်ဂိုးနှင့်အတူ သုံးဂိုးဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ ထို့ကြောင့် ပေါ်တူဂီအသင်းသည် အုပ်စု (F) တွင် ပြင်သစ်အသင်းနှင့် ရမှတ်တူ ဂိုးကွာခြားချက်ဖြင့် အမှတ်ပေး ဇယားကို ဦးဆောင်ထားသည်။ ။

 

လာမည့်ပွဲစဉ်(၂)အဖြစ် ဇွန် ၁၉ရက်တွင် ပေါ်တူဂီအသင်းနှင့် ဂျာမနီ အသင်းတို့ ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ပြင်သစ်အသင်းက ဟန်ဂေရီ အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

 

အောင်ဇော်