ရန်ကုန် ဇန်နဝါရီ ၁၈

 

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် အောင်ဆန်းတောရတပ်ဦးကျောင်း မဟာကမ္မဋ္ဌာနာစရိယ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ပြည်တွင်း ပြည်ပကမ္ဘာ့ဗုဒ္ဓသာသနာပြု အောင်ဆန်းဆရာတော် ဒေါက်တာဘဒ္ဒန္တသဒ္ဓမ္မကိတ္တိသာရထေရ်ရှင်မြတ်အား အမှူးထားပြီး (၂၀၄)ကြိမ်မြောက် ၁၀ ရက် တရားစခန်းဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းတွင် စတင်ဖွင့်လှစ်ခဲ့သည်။

 

အဆိုပါတရားစခန်းကို ဇန်နဝါရီ ၁၇ ရက်မှ ၂၆ ရက်အထိ ဆရာတော်ကြီး၏ ဝိဇာတမွေးနေ့အကြိုအဖြစ် ဖွင့်လှစ်ခြင်းဖြစ်ရာ ဆရာတော်ကြီးက ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်ကို ဟောကြားလျက်ရှိပြီး သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များ၊ ယောဂီများစုစုပေါင်း ၁၀၀၀ ကျော် တက်ရောက်နာယူကြသည်။

 

ယင်းအပြင် ဆရာတော်ကြီးသည် နွေရာသီကျောင်းပိတ်ရက်များတွင် ကလေးငယ်များအား ရှင်သာမဏေဝတ်ပေးပြီး ယဉ်ကျေးလိမ္မာ သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးခြင်း၊ သာသနာတော်တည်တံ့စေရန်နှင့် ကလေးငယ်များ ဗုဒ္ဓ၏သွန်သင်ဆုံးမမှုများ၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှုများကို သိရှိစေရန်အတွက် ဘုရားရှိခိုးဦးချနည်း၊ ယဉ်ကျေး လိမ္မာဆုံးမစာ၊ ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃာ့ဂုဏ်တော် ကဗျာအစရှိသည်တို့ကို သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)