နေပြည်တော် ဇန်နဝါရီ ၁၈

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာနရှိ ပြန်ပြည့်မြဲစွမ်းအင်နှင့် အီလက်ထရောနစ် နည်းပညာသုတေသန ဗဟိုဌာနရှိ ဆိုလာနှင့် အသေးစား လေအားလျှပ်စစ် သုတေသနလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် ရလဒ်အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး နိုင်ငံတော်ရှိ ပေါကြွယ်ဝသော ပြန်လည်ပြည့်ဖြိုး မြဲစွမ်းအင်ရင်းမြစ်များကို “နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင်ထိန်းကြစို့ အမျိုးသားရေး ဆောင်ပုဒ်နှင့်အညီ နိုင်ငံတော်သာယာပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုး-မွေးမြူရေး ကုန်ကြမ်းအခြေပြု Agro-based Industries နှင့် MSME များတွင် အကျိုးရှိထိရောက်စွာ အသုံးချနိုင်ရန်အတွက် တီထွင်ဆန်းသစ်နည်းပညာ သုတေသနလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်ရန်၊ သုတေသနရလဒ်များကို ဆက်စပ်ဌာနများ၊ MSME များတွင် အမှန်တကယ်အကျိုးရှိစွာ သုံးစွဲနိုင်ရေး ဆက်လက် ဖြန့်ဝေလွှဲပြောင်းသွားရန် တိုက်တွန်းမှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် Wind Tunnel မှရရှိသော လေအားအရင်းအမြစ်ဖြင့် ဒေါင်လိုက်ဝင်ရိုး (Vertical Axis) ကြောင်လိမ်လှေကားပုံစံ (Helical Design) တာဘိုင်အပါအဝင် အသေးစား လေအားလျှပ်စစ် သုတေသနလုပ်ငန်းများ စမ်းသပ်ဆောင်ရွက်နေမှုနှင့် ရလဒ်အခြေ အနေတို့ကို ကြည့်ရှုစစ်ဆေးကာ ရေရှည် ကြံ့ခိုင်မှုရှိသော ဒီဇိုင်းဖြစ်ရန်၊ တာဘိုင်များ ထပ်မံ တိုးချဲ့ပေါင်းစပ်တပ်ဆင်ကာ ထုတ်လုပ်ရရှိသည့် လျှပ်စစ်စွမ်းအား၏ အရည်အသွေး (Power Quality) ကောင်းမွန်ရေး စနစ်တကျ ထိန်းချုပ်ဆောင်ရွက်ရန်၊ လျှပ်စစ်ရေတင်စနစ်များတွင် စမ်းသပ်တပ်ဆင်သုံးစွဲရန်၊ ပြင်ပ သဘာဝပတ်ဝန်းကျင်ရှိ သင့်လျော်သည့် နေရာများတွင်ပါ လက်တွေ့ကျကျ စမ်းသပ် တပ်ဆင်ကြည့်ရန် မှာကြားသည်။

ထို့နောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ စီမံကိန်း (၂၀၂၂)ဖြင့် ပူးပေါင်းဆောင်ရွက်ထားသော နေရောင်ခြည် စွမ်းအင်ပြခန်းစင်တာသို့ ရောက်ရှိ၍ စင်တာအတွင်း ပြသထားသော ဆိုလာပြားနှင့် ဆိုလာစနစ် အမျိုးမျိုး၊ ဆိုလာ EV Charging Station၊ Smart City စနစ်အပါအဝင် ပြကွက်များကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး နည်းပညာ ဆိုင်ရာလိုအပ်သည်များ မှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် စင်တာအပြင်ဘက်၌ ဆိုလာရေတင်စနစ်၊ ရန်ကုန်အနောက်ပိုင်း နည်းပညာ တက္ကသိုလ်နှင့် သုတေသနပူးပေါင်း ဆောင်ရွက်နေသော MSME ဖွံ့ဖြိုးရေး တစ်တပ်တစ်အား အထောက်အကူပြုနိုင်ရေး သီးနှံများကို ဆိုလာစွမ်းအင်ဖြင့် တစ်ပိုင်တစ်နိုင် အခြောက်လှန်းနိုင်သော တန်ဖိုးနည်း Portable Solar Dryer သုတေသနလုပ်ငန်း ရလဒ်များကို ကြည့်ရှုစစ်ဆေးကာ နည်းပညာဆိုင်ရာ ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းများကို မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်