ပုသိမ် ဇန်နဝါရီ ၁၈
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် ဘုရားချောင်းကျေးရွာအုပ်စု ဥတိုကျေးရွာရှိ Global Earth Agro & Aqua Industry Public Co., Ltd မှ တက္ကသိုလ်/ကောလိပ်/ သိပ္ပံ ကျောင်းများတွင် တက်ရောက်လျက်ရှိသည့် ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ ကျောင်းသား ကျောင်းသူများအား “ဦးဌေးမြင့်ပညာသင်ဆု” ချီးမြှင့်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကုမ္ပဏီ၏ GEAAI ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူများ တက္ကသိုလ်/ကောလိပ်/ သိပ္ပံကျောင်း အသီးသီးတက်ရောက်သည့်အခါ အထောက်အပံ့ဖြစ်စေရန်အတွက် ဦးဋ္ဌေးမြင့်ပညာသင်ဆု ပေးအပ်ချီးမြှင့်ခြင်း ဖြစ်ကြောင်း၊ Global Earth Agro & Aqua Industry Public Co., Ltd အနေဖြင့် Steam turbines gener-ators ဖြင့် လျှပ်စစ် 15 MW စမ်းသပ်ထုတ်လုပ်လျက်ရှိပြီး Gasifier စနစ်ဖြင့် လျှပ်စစ် 12 MW ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ မကြာမီ ပထမအဆင့် တည်ဆောက်ပြီးစီးမည်ဖြစ်၍ လုပ်ငန်းလည်ပတ်ဆောင်ရွက်နိုင်ရေးအတွက် အသိပညာရှင်၊ အတတ်ပညာရှင်၊ ကျွမ်းကျင်ဝန်ထမ်း၊ အထောက်အကူပြု ဝန်ထမ်း ၃၀၀၀ တို့ ခန့်အပ်နိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပြီး လိုအပ်သော ဝန်ထမ်းအရေအတွက်များအနက် ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ ဒေသခံများအား ဦးစားပေးခန့်အပ်သွားမည်ဖြစ်ကြောင်း၊ လူငယ်လူရွယ်များအား ဘွဲ့ရများအဖြစ် မွေးထုတ်ပေး၍ အလုပ်အကိုင်အခွင့်အလမ်းများကို တက်ညီလက်ညီ ကြိုးစားဆောင်ရွက်ခြင်းဖြင့် တိုင်းဒေသကြီး၏ ကုန်ထုတ်လုပ်မှုစွမ်းအားများ တိုးတက်လာမည်ဖြစ်ကြောင်း အမှာစကားပြောကြားသည်။
ထို့နောက် ပုသိမ်၊ ကန်ကြီးထောင့်၊ သာပေါင်း၊ ငပုတော၊ ရေကြည်မြို့နယ်များမှ ပညာသင်ဆုရရှိသည့် ကျောင်းသား ကျောင်းသူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်း၊ ဟင်္သာတ၊ ဇလွန်၊ လေးမျက်နှာ၊ ကျောင်းကုန်း၊ အင်္ဂပူမြို့နယ်များမှ ပညာသင်ဆုရရှိသည့် ကျောင်းသား ကျောင်းသူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးကလည်းကောင်း၊ မအူပင်၊ ပန်းတနော်၊ ညောင်တုန်း၊ ဓနုဖြူ၊ မော်လမြိုင်ကျွန်းမြို့နယ်များမှ ပညာသင်ဆုရရှိသည့် ကျောင်းသား ကျောင်းသူများအား Global Earth Agro & Aqua Industry Public Company Limited ဥက္ကဋ္ဌကလည်းကောင်း၊ မြန်အောင်၊ ကြံခင်း၊ မြောင်းမြ၊ အိမ်မဲ၊ ဝါးခယ်မမြို့နယ်များနှင့် ကျန်ရှိသည့်မြို့နယ်များအား အစိုးရအဖွဲ့ဝင် ဝန်ကြီးများကလည်းကောင်း ပညာသင်ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


