ပဲခူး ဇန်နဝါရီ ၁၈
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဇန်နဝါရီ ၁၆ ရက်က တိုင်းဒေသကြီးအတွင်း စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၆) ကျင်းပသည်။
ဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ လမ်းညွှန်ချက်များကို ရှင်းလင်းဖတ်ကြားသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးအတွင်း ဟင်းသီးဟင်းရွက်စိုက်ပျိုးသည့် ဇုန်များအလိုက် စိုက်ပျိုးသွားရန်၊ မြို့နယ်အလိုက် Export အဆင့်မီ ပေါ်ဆန်း မွှေးစပါးမျိုးများ ဇုန်အလိုက် သတ်မှတ်မျိုးစေ့ထုတ်ဧက ပြည့်မီစွာ စိုက်ပျိုးနိုင်ရေး စီမံဆောင်ရွက်ပေးသွားရန်နှင့် ရိုဘတ်စတာ ကော်ဖီအား သတ်မှတ်ဧကအတိုင်း ပြည့်မီစွာစိုက်ပျိုးနိုင်ရေး ပျိုးထောင်ထားရှိရမည်ဖြစ်ကြောင်း၊ ဆီထွက်သီးနှံဖြစ်သည့် မြေပဲ၊ နှမ်းနှင့် နေကြာတို့အား ဒေသတွင်းဆီစက်များဖြင့် ကြိတ်ခွဲ၍ စားအုန်းဆီ၌ အစားထိုးသုံးစွဲနိုင်ရေး ရည်မှန်းဆောင်ရွက်သွားရမည်ဖြစ်သလို ဒေသတွင်း ဆီစက်လုပ်ငန်း အဆင့်မြှင့်တင်နိုင်ရေးကိုလည်း ဖြည့်ဆည်းဆောင်ရွက်သွားရမည် ဖြစ်ကြောင်းနှင့် စိုက်ပျိုးမြေအဖြစ် ခွင့်ပြုပေးထားသည့် မြေလွတ်မြေရိုင်းများတွင် သတ်မှတ်ချက်အတိုင်း စိုက်ပျိုးထားမှုရှိ/မရှိ စစ်ဆေးသွားရန် လမ်းညွှန်မှာကြားသည်။
ဆက်လက်၍ ခရိုင်/မြို့နယ် စိုက်ပျိုးရေးဦးစီးမှူးများက မိုးသီးနှံစိုက်ပျိုးထွက်ရှိမှု၊ ဆောင်းသီးနှံ စိုက်ပျိုးဆောင်ရွက်နေမှု၊ ကော်ဖီစိုက်ပျိုးထားရှိမှု၊ တိရစ္ဆာန်စွန့်ပစ်ပစ္စည်းဖြင့် ရွက်ဖျန်းမြေဩဇာ ပြုလုပ်၍ မြေပဲ၊ မတ်ပဲ၊ ပဲတီစိမ်းစိုက်ခင်းများအား မြို့နယ်အလိုက် စမ်းသပ်စိုက်ပျိုးထားရှိမှု အခြေအနေများကိုလည်းကောင်း၊ ခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူးများက မြို့နယ်အလိုက် စားရေရိက္ခာဖူလုံရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကိုလည်းကောင်း Power Point များဖြင့် အသေးစိတ်ရှင်းလင်း တင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က မြို့နယ်အလိုက် ဆက်လက်ဆောင်ရွက်သွားရမည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာလိုအပ်ချက်များကို အသေးစိတ် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


