လွိုင်လင် ဇန်နဝါရီ ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ်အတွင်းရှိ လွိုင်လင် - ပင်လုံ - မိုင်းပွန်မြို့များ၏ အနောက်ဘက် တောင်ကုန်း တောင်စောင်းများ၌ ၂၀၂၅ -၂၀၂၆ ဘိန်းစိုက်ရာသီတွင် စိုက်ပျိုးထားသော ဘိန်းစိုက်ခင်းများကို တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်များ၊ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ ၊ ပလကဖအဖွဲ့များ ပူးပေါင်း၍ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၉ ရက်မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၈ ရက်အထိ သွားရောက် ဖျက်ဆီးကြရာ ဘိန်းစိုက်ဧက ၂၇၂၈ ဧကကို ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဘိန်းစိုက်ခင်းများ သွားရောက် ဖျက်ဆီးရာတွင် နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးချုပ် သန်းထွန်းအောင် ဦးစီးသည့် တပ်မတော်သားများ၊ ပြည်နယ် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ကျော်စိန်ဝင်း၊ ပြည်နယ်ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး သောင်းအေးနှင့် လွိုင်လင်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး မိုးညွန့်ထွန်း ဦးစီးသည့် ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့(၁)နှင့် လွိုင်လင် မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးနိုင်ထွန်း ဦးစီးသည့် ပူးပေါင်းအဖွဲ့(၂)တို့က ဘိန်းစိုက်ခင်း ဖျက်ဆီးခြင်းကို ပထမအကြိမ်အဖြစ် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၉ ရက်မှ ၂၄ ရက်အထိ ဘိန်းစိုက်ခင်း ၁၆၉၉ ဧကကို ဖျက်ဆီးနိုင်ခဲ့ပြီး ဒုတိယအကြိမ် အဖြစ် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၈ ရက်အထိ အမြင့်သုံးပေခန့်ရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၁၀၂၉ ဧကကို ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


