ရန်ကုန် ဇန်နဝါရီ ၁၈
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း နှင့် တိုင်းဒေသကြီးဝန်ကြီးများသည် ယမန်နေ့ နံနက်ပိုင်းက ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအပိုင်း(၃) အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ခရိုင်/ မြို့နယ်/ ရပ်ကွက်/ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများနှင့် သတ်မှတ်နေရာများတွင် တွေ့ဆုံဆွေးနွေးသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် မဲဆန္ဒရှင်ပြည်သူများ စိတ်အေးချမ်းသာ လွယ်ကူ လွတ်လပ်စွာ ဆန္ဒမဲပေးနိုင်ရေး၊ မဲရုံများအား နေရာများခွဲ၍ မဲဆန္ဒရှင်ပြည်သူများ မဲပေးနိုင်ရေး၊ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများ မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး နှိုးဆော်ခြင်းများနှင့် မဲဆန္ဒရှင်ပြည်သူများ သွားလာရေး လွယ်ကူစေရန် မော်တော်ယာဉ်များ စီစဉ်ဆောင်ရွက်နိုင်ရေးအတွက် မြောက်ဥက္ကလာပမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံ ဦးအောင်စောဝင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်/ မြို့နယ် စီမံခန့်ခွဲ ရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်/ ရပ်ကွက်/ ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာများက အဆင့်ဆင့် အလေးထား ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် မှာကြားသည်။
ယင်းနောက် မြောက်ဥက္ကလာပမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် မဲပေးစက်များ Installaion ပြုလုပ်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားသည်။
အမှာစကားပြောကြား
ထို့နောက် ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်ခန်းမနှင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် အမှတ်(၂)အခြေခံ ပညာအထက်တန်းကျောင်း ယုဇနခန်းမတို့တွင် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်/ မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်/ ရပ်ကွက်/ ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး တက်ရောက်လာကြသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)


