အကြမ်းဖက်နှိမ်နင်းမှုစစ်ဆင်ရေးဟုဆိုကာ တပ်မတော်က ဘင်္ဂါလီများအပေါ် လူမျိုးသုဉ်းစေရန် ရည်ရွယ်ချက်ဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိရွာများ အထူးသဖြင့် မင်းကြီး၊ ချွတ်ပြင်၊ မောင်နုရွာများကို စစ်ဆင်ပုံ(Pattern of Conduct)အား တစ်ပုံစံတည်းဆောင်ရွက်ခဲ့ကြောင်း ဂမ်ဘီယာက စွပ်စွဲမှုကို မြန်မာ၏ရှေ့နေ Mr. Sam-Bloom Cooper က တုံ့ပြန်ချေပချက်

ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ဘင်္ဂါလီများ သီးသန့်နေထိုင်သော နေရာ ၄၇၈ ခုနှင့် ဘင်္ဂါလီများ တစ်စိတ်တစ်ပိုင်းနေထိုင်သော နေရာ ၃၁ ခုအနက်မှ ဂမ်ဘီယာသည် ထိုစဉ်က လူဦးရေ ၄၃၀၀ အောက်၊ ၁၂၀၀ အောက်နှင့် ၄၆၀၀ အောက်စီရှိကြသော မင်းကြီး၊ ချွတ်ပြင်နှင့် မောင်နုကျေးရွာ သုံးရွာအပေါ်တွင်သာ အာရုံစိုက်၍ အဓိကစွပ်စွဲထားသော စွပ်စွဲချက်များသည် ခိုင်မာသော သက်သေပေါ်တွင် တည်ဆောက်ထားခြင်းမဟုတ်ကြောင်း၊ ပထမအချက်မှာ မင်းကြီး၊ ချွတ်ပြင်နှင့် မောင်နုကျေးရွာများတွင်ဖြစ်ပွားခဲ့သော ဖြစ်စဉ်များသည် ဂမ်ဘီယာ စွပ်စွဲသကဲ့သို့မဟုတ်ကြောင်း၊ ဒုတိယအချက်မှာ ဘင်္ဂါလီများနေထိုင်သော ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ အခြားသော ရာနှင့်ချီသည့်နေရာများနှင့်ပတ်သက်၍ မြန်မာ့လုံခြုံရေးတပ်ဖွဲ့များက အကြမ်းဖက်မှု ပြုလုပ်ခဲ့သည်ဟူသော အထောက်အထား တစ်စုံတစ်ရာကိုမျှ ဂမ်ဘီယာက တင်ပြနိုင်ခြင်း မရှိပါကြောင်း။

 

မြန်မာနိုင်ငံ၏အချေလွှာတွင် နေရာတစ်ခုချင်းစီအလိုက်၊ ကျေးရွာချင်းစီအလိုက် အသေးစိတ်ခွဲခြမ်း စိတ်ဖြာတင်ပြခဲ့ပြီးနောက် ဂမ်ဘီယာသည် ၎င်း၏ ဒုတိယမြောက်အဆိုလွှာတွင် အလွန်အမင်း ရက်စက်ကြမ်းကြုတ်မှုနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ ရှိခဲ့သည်ဟူသော စွပ်စွဲချက်များရှိခဲ့သည့် မူလကစွပ်စွဲထားသော “ကျေးရွာပေါင်းရာနှင့်ချီ သည့်နေရာများ၏ အရေအတွက်ကို လျှော့ချသွားခဲ့ပြီး ယခုအခါ နေရာ ၁၃ ခုကိုသာ ရည်ညွှန်းထားပါကြောင်း။

 

၂၀၁၆ ခုနှစ် အောက်တိုဘာနှင့် နိုဝင်ဘာလများတွင် ထိုဒေသ၌ ARSA ၏ တိုက်ခိုက်မှုများရှိခဲ့ကြောင်း၊ ဂမ်ဘီယာတင်ပြသော အထောက်အထားများနှင့် အမှုတစ်ခုလုံး၏ ထူးခြားသောဝိသေသတစ်ခုမှာ ၎င်းကိုးကားထားသော လူသက်သေအများအပြားသည် ထိုကာလအတွင်း ARSA အဖွဲ့၏ ကျယ်ပြန့်သောတည်ရှိမှုနှင့် လှုပ်ရှားမှုများကို စနစ်တကျ ဖုံးကွယ်ထားခြင်းဖြစ်ပါကြောင်း၊ ARSA သည် တပ်မတော်နှင့် ရဲတပ်ဖွဲ့စခန်းများကို အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ပြီး ဒေသတွင်းရှိ ဘင်္ဂါလီအသိုင်းအဝိုင်းကို သွေးထိုး/သွေးဆောင်ခဲ့ပါကြောင်း၊ ရပ်ရွာများအတွင်း၌ ၎င်းတို့အား ဆန့်ကျင်သူများကို သတ်ဖြတ်ခဲ့ပြီး အခြားမျိုးနွယ်စုများမှ အပြစ်မဲ့သော သာမန်ပြည်သူများကိုလည်း အလားတူ သတ်ဖြတ်ခဲ့ပါကြောင်း၊ ၂၀၁၆ ခုနှစ် အောက်တိုဘာနှင့် နိုဝင်ဘာလများတွင်လည်း ဒေသအလိုက် ARSA ၏ တိုက်ခိုက်မှုများရှိခဲ့ပြီး ARSA အနေဖြင့် နောက်ထပ်တိုက်ခိုက်မှုများကို စီစဉ်နေသည်ဟုသိရှိရသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ တိုးမြှင့်ချထားခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံသည် ၎င်း၏နိုင်ငံသားများနှင့် နိုင်ငံ၏အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို ကာကွယ်ရန် မဖြစ်မနေအမှန်တကယ်လိုအပ်သဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ထိုသို့လုပ်ဆောင်ခဲ့ခြင်းမှာ ဥပဒေနှင့်အညီ ခိုင်လုံစွာ ရပ်တည်နိုင်သော အကြောင်းရင်းရှိကြောင်း၊ ARSA နှင့် ၎င်း၏ ထောက်ခံသူများကို တန်ပြန်ချေမှုန်းခဲ့သည့် အကြမ်းဖက်ချေမှုန်းမှု စစ်ဆင်ရေးများကို ARSA လှုပ်ရှားမှုများရှိနေသော နေရာဒေသများတွင်သာ ရက်အကန့်အသတ်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း။

 

ဂမ်ဘီယာသည် ၂၀၁၇ ခုနှစ် ဩဂုတ်လ ၃၀ ရက်​နေ့ နံနက်ပိုင်းမတိုင်မီ သီတင်းပတ်များအတွင်း မင်းကြီးကျေးရွာနှင့် ပတ်ဝန်းကျင်တွင် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များ၏ အသေးစိတ်အချက်အလက်များကို ချန်လှပ်ထားပါကြောင်း၊ ဩဂုတ်လ ၃၀ ရက်​နေ့မတိုင်မီရက်များအတွင်း ခမောင်းဆိပ်နှင့် မင်းကြီးရွာအနီးဝန်းကျင်ရှိ ကျေးရွာများတွင် ARSA တပ်ဖွဲ့ဝင်များ အမြောက်အမြားရှိနေခဲ့သည်ကို သိရမည်ဖြစ်ပါကြောင်း၊ မင်းကြီးကျေးရွာမှ ၁၀ ကီလိုမီတာခန့်အကွာရှိ ခမောင်းဆိပ်ကျေးရွာတွင် ARSA က ဟိန္ဒူ ၁၀၀ ကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့ပါကြောင်း၊ ထို့အပြင် ဘင်္ဂါလီ ၃၀၀ ခန့်ကလည်း သက်ကိုင်ညာရဲစခန်းကို တိုက်ခိုက် မီးရှို့ခဲ့ကြပါကြောင်း၊ ဩဂုတ်လ ၂၅ ရက်​နေ့ နံနက်စောစောပိုင်းတွင် ARSA က မင်းကြီးကျေးရွာနှင့် နီးစပ်သော နတ်ချောင်းနှင့် ဝက်ကျိန်းရဲစခန်းများကို တိုက်ခိုက်ခဲ့ပါကြောင်း၊ ရခိုင်ကျေးရွာသားများ ရာနှင့်ချီ၍ ထွက်ပြေးခဲ့ကြပြီး ARSA က ရခိုင်နှင့် ဘင်္ဂါလီကျေးရွာ အပိုင်းနှစ်ခုစလုံးကို မီးရှို့ခဲ့ပါကြောင်း၊ ဤအချက်မှာ ARSA ခေါင်းဆောင် Ata Ullah က ၎င်း၏နောက်လိုက်များထံသို့ ကျယ်ကျယ်ပြန့်ပြန့်ဖြင့် ထုတ်လွှင့်ခဲ့သည့် ညွှန်ကြားချက်များနှင့် ကိုက်ညီပါကြောင်း၊ ထို့ပြင် ဂမ်ဘီယာအနေဖြင့် ၎င်းအသုံးပြုထားသည့် FFM မှ တွေ့ဆုံမေးမြန်းထားသော အမည်မဖော်လိုသူ သက်သေ ၅၄ ဦးအနက် ၅၃ ဦးသည် ARSA ၏ တည်ရှိနေမှုနှင့် အကြမ်းဖက်လှုပ်ရှားမှုများကို ဖော်ပြခဲ့ခြင်း မရှိပါကြောင်း။

 

မင်းကြီးကျေးရွာရှိ ဖြစ်ရပ်များကို ချဉ်းကပ် သကဲ့သို့ပင် ဂမ်ဘီယာသည် ချွတ်ပြင်ကျေးရွာတွင် အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေးများ ဖြစ်ပွားခဲ့သည့် နောက်ခံအခြေအနေ၊ အကြောင်းရင်းများနှင့် အဘယ်ကြောင့် ထိုသို့ဆောင်ရွက်ခဲ့ရသည်ကို ဖယ်ရှားထားပါကြောင်း၊ မြန်မာနိုင်ငံသည် ဒေသခံလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပြည်သူများကို ကာကွယ်ရန် ချွတ်ပြင်ကျေးရွာအတွင်းနှင့် ပတ်ဝန်းကျင်ရှိ ARSA ၏ အကြမ်းဖက်မှုကို တုံ့ပြန်ခဲ့ခြင်းသာဖြစ်ပါကြောင်း၊ ဩဂုတ်လ ၂၅ ရက်​နေ့တွင်ဂွဆုံရဲစခန်းကို လက်နက်ကိုင် ၃၀၀ ခန့်က တိုက်ခိုက်ခဲ့သဖြင့် ခုခံတိုက်ခိုက်ခဲ့ရပါကြောင်း၊ ချွတ်ပြင်ကျေးရွာ၏ အနောက်ဘက်ရှိ သင်္ဘောကွေ့ရဲစခန်းကို လက်နက်ကိုင် ARSA တိုက်ခိုက်သူ ၂၅၀ ခန့်က တိုက်ခိုက်ခဲ့သည်လည်းရှိပါကြောင်း၊ ထို့ပြင် ချွတ်ပြင်ကျေးရွာ၏ အနောက်မြောက်ဘက်ရှိ မြင်းလွတ်ကျေးရွာကို တိုက်ခိုက်ခဲ့ပါကြောင်း၊ ဩဂုတ်လ ၂၇ ရက်နေ့တွင် ARSA သည် ချွတ်ပြင်ကျေးရွာကို လက်လုပ်ဗုံးဖြင့်တိုက်ခိုက်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့များက တိုက်ခိုက်သူများကို ကျေးရွာအတွင်း ရှာဖွေရန် ရောက်ရှိလာသောအခါ ARSA နှင့် ၎င်းတို့ကိုထောက်ခံသည့် ဘင်္ဂါလီ ၄၀၀ ခန့်က တိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ပါကြောင်း၊ နောက်ပိုင်းတွင် ARSA သည် ကျေးရွာအတွင်း မီးရှို့မှုများပြုလုပ်ခဲ့သဖြင့် အမျိုးသမီးနှင့် ကလေးများ ချွတ်ပြင်ရွာတောင်ဘက်ရှိ အထက်နန်းရာကျေးရွာသို့ ထွက်ပြေးခဲ့ရပါကြောင်း၊ မြန်မာနိုင်ငံမှ သက်သေခံချက်များ၊ စာရွက်စာတမ်းမှတ်တမ်းများနှင့်နှိုင်းယှဉ်ပါက ဂမ်ဘီယာသည် လက်မှတ်မရှိ၊ အမည်မဖော်လို၊ တွေ့ဆုံမေးမြန်းမှု မှတ်တမ်းအကျဉ်းချုပ်များကို အလွန်အားကိုးအားထားပြုနေပြီး ထိုမှတ်တမ်းများသည် ARSA သို့မဟုတ် ဘင်္ဂါလီများ၏ မည်သည့်အကြမ်းဖက်မှုကိုမျှ ဖော်ပြခြင်း မရှိပါကြောင်း။

 

ဂမ်ဘီယာသည် မောင်နုကျေးရွာရှိ ဖြစ်ရပ်များကို တင်ပြရာတွင် ၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၇ ရက်​နေ့မတိုင်မီ မည်သည့်ဖြစ်ရပ်ကိုမဆို သို့မဟုတ် ပတ်ဝန်းကျင်ဒေသများရှိ ARSA ၏ မည်သည့် လှုပ်ရှားမှုကိုမဆို ကိုးကားညွှန်းဆိုမှု လုံးဝမပြုပါကြောင်း၊ ဩဂုတ်လ ၂၅ ရက်​နေ့ နံနက်စောစောတွင် ARSA သည် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရဲကင်းစခန်း ၃၀ ခန့်နှင့် တပ်မတော်ဌာနချုပ်တစ်ခုကို တစ်ပြိုင်နက် တိုက်ခိုက်မှုများစတင်ခဲ့ပြီး ထိုတိုက်ခိုက်မှုများတွင် ဖောင်တော်ပြင်ရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်း၊ တောင်ဘဇာကျေးရွာအနီးရှိ အမှတ်(၅၅၂) ခြေမြန်တပ်ရင်း၊ မြောက်ဘက်ရှိ ငါးရံ့ချောင်းကျေးရွာ ရဲကင်းစခန်းများပါဝင်ပြီး ထို ARSA တိုက်ခိုက်သူ ၂၀၀ ခန့်သည် သင်္ဂနက်၊ စူးတောင်၊ ဒုံးပိုက်နှင့် ကုန်းတောင်ကျေးရွာများတွင် ပုန်းအောင်းနေခဲ့ပါကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးရန် လာရောက်သောအခါ တိုက်ခိုက်ခြင်းခံခဲ့ရပြီး ARSA များက ရွာများကိုမီးရှို့၍ ထွက်ပြေးသွားခဲ့ပါကြောင်း၊ မောင်နုကျေးရွာတွင် ဂမ်ဘီယာအသုံးပြုထားသည့် သက်သေက ၂၀၂၀ ပြည့်နှစ်တွင် မောင်နုကျေးရွာအတွင်းနှင့် ပတ်ဝန်းကျင်တွင် ARSA မရှိ၊ မြင်ဖူး ကြားဖူးခြင်းပင်မရှိဟု Legal Action Worldwide ထံသို့ ကနဦးပြောကြားခဲ့စဉ်က ၎င်းမှာ လိမ်လည်ခဲ့သည်ဟု ပြောဆိုခြင်းမှာ မြန်မာနိုင်ငံအတွက် အံ့ဩစရာမရှိပါကြောင်း၊ အဘယ်ကြောင့်ဆိုသော် ဂမ်ဘီယာကိုယ်တိုင်ကပင် မိမိအားကိုးအားထားပြုနေသော အမည်မဖော်လိုသည့် သက်သေအများစု၏ စစ်မှန်သောကိုယ်ပိုင်လက္ခဏာကို မသိသောကြောင့် ဖြစ်ပါကြောင်း၊ တရားရုံးအနေဖြင့် မောင်နုကျေးရွာနှင့်ပတ်သက်သော ဂမ်ဘီယာ၏ဖော်ပြချက်များ၊ အထောက်အထားများ၏ မှန်ကန်မှုနှင့် လက်တွေ့ကျမှု ရှိ-မရှိကို စဉ်းစားပေးစေလိုပါကြောင်း။

 

အဓိကနေရာသုံးခုနှင့်ပတ်သက်၍ အချက် (၆)ချက်ဖြင့် နိဂုံးချုပ်လိုပါကြောင်း၊ ပထမအချက်အနေဖြင့် ၂၀၁၇ ခုနှစ် သြဂုတ်လအတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်း၌ မြန်မာ့လုံခြုံရေးတပ်ဖွဲ့များ၏ အင်အားသုံးစွဲမှုသည် ဘင်္ဂါလီမဟုတ်သော အရပ်သားများနှင့် နိုင်ငံတော်လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ARSA နှင့် ၎င်း၏ထောက်ခံသူများက ပြုလုပ်ခဲ့သော သောင်းကျန်းမှုများကို တိုက်ရိုက်တုံ့ပြန်ဆောင်ရွက်ခဲ့ခြင်းသာဖြစ်သည်ကို ငြင်းဆို၍ မရပါကြောင်း။

 

ဒုတိယအချက်အနေဖြင့် မြန်မာ့လုံခြုံရေးတပ်ဖွဲ့များ၏ အင်အားသုံးစွဲမှုသည် ARSA အဖွဲ့ဝင်များနှင့် ထောက်ခံသူများရှိနေသည့် ကန့်သတ်ထားသည့် နေရာများတွင်သာ ပြုလုပ်ခဲ့ခြင်းဖြစ်ပါကြောင်း။

 

တတိယအချက်အနေဖြင့် ARSA နှင့် ၎င်း၏ အင်အားစုများကို မတိုက်ခိုက်မီ မြန်မာ့လုံခြုံရေး တပ်ဖွဲ့ဝင်များထံသို့ နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီသော ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်း (Rules of Engagement)များကို ဖြန့်ဝေပေးခဲ့သည် ဟူသောအချက်မှာ အငြင်းပွားဖွယ်မရှိပါကြောင်း။

 

စတုတ္ထအချက်အနေဖြင့် ဂမ်ဘီယာ၏ ရက်စက်ကြမ်းကြုတ်မှုစွပ်စွဲချက်များသည် စိစစ်ထားခြင်း မရှိသော၊ အမည်မဖော်လိုသည့် သက်သေထွက်ဆိုချက်များနှင့်တွေ့ဆုံမေးမြန်းမှု မှတ်တမ်းများအပေါ်တွင်သာ အခြေခံနေပြီး ၎င်းတို့သည် ARSA သောင်းကျန်းသူများ၏ အခန်းကဏ္ဍကို ချန်လှပ်ထားကာ အဖြစ်မှန်ကို လွဲမှားစွာပုံဖော်နေပါကြောင်း၊ လူတစ်ဦးတည်းက ထွက်ဆိုချက်အမျိုးမျိုးပေးထားသည်ကို တွေ့ရှိရသည့် ရှားပါးသောအခြေအနေများတွင်လည်း ထွက်ဆိုချက်များ သိသိသာသာပြောင်းလဲနေခြင်းနှင့် လိမ်လည်ခဲ့သည်ဟု ဝန်ခံခြင်းများကို တွေ့ရှိရ၍ ပို၍ပင် စိုးရိမ်စရာဖြစ်လာပါကြောင်း။

 

ပဉ္စမအချက်အနေဖြင့် ဂမ်ဘီယာက စွပ်စွဲထားသော သေဆုံးသူအရေအတွက်များတွင် အကြမ်းဖက်မှု၌ တက်ကြွစွာပါဝင်ခဲ့သည့် ARSA အဖွဲ့ဝင်များနှင့် ထောက်ခံသူများ၊ ရည်ရွယ်ခြင်းမရှိဘဲ တိုက်ပွဲအတွင်းသေဆုံးခဲ့သူများနှင့် တမင်တကာ သတ်ဖြတ်ခံရသည်ဟုဆိုသော အပြစ်မဲ့အရပ်သားများကို ခွဲခြားဖော်ပြရန် ကြိုးပမ်းထားခြင်းမရှိပါကြောင်း။

 

ဆဋ္ဌမအချက်အနေဖြင့် မင်းကြီး၊ ချွတ်ပြင်နှင့် မောင်နုရွာ ဖြစ်စဉ်များသည် ရခိုင်ပြည်နယ်မြောက်ပိုင်း အခြားနေရာများတွင်ပြုလုပ်ခဲ့သော အကြမ်းဖက် ချေမှုန်းမှုစစ်ဆင်ရေးများ၏ပုံစံမျိုး မဟုတ်ပါကြောင်း၊ ရခိုင်ပြည်နယ်မြောက်ပိုင်းတစ်ခုလုံးတွင် ဤအဓိကနေရာသုံးခုကဲ့သို့ ဖြစ်ပျက်ခဲ့သည့်တစ်ပုံစံတည်းပြုလုပ်သောပုံစံ (Pattern of Conduct) မရှိခဲ့ပါကြောင်း၊ ဤနေရာ သုံးခုတွင် သေဆုံးသူအရေအတွက်ပိုမိုများပြားခဲ့ခြင်းမှာ ARSA ၏ အပြင်းထန်ဆုံးသော အကြမ်းဖက်မှုများနှင့် မြန်မာ့လုံခြုံရေးတပ်ဖွဲ့များအကြား ပြင်းထန်သည့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့သောနေရာများ ဖြစ်နေခြင်းကြောင့် ဖြစ်သည်ဟူသောအချက်ကို လျစ်လျူရှု၍မရနိုင်ပါကြောင်း လျှောက်လဲခဲ့ပါသည်။