နေပြည်တော် ဇန်နဝါရီ ၁၉
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်နိုင်ရန်အတွက် ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၂၁)တွင်ပါဝင် တက်ရောက်ကြမည့် အရည်အချင်း ကိုက်ညီသူ နိုင်ငံ့သားကောင်းများသည် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် နယ်မြေများရှိ သင်တန်း ကျောင်းအသီးသီးသို့ရောက်ရှိ၍ လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ခဲ့ကြသည်။ ယနေ့ နံနက်ပိုင်းတွင် အဆိုပါသင်တန်း ကျောင်းအသီးသီး၌ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၂၁) သင်တန်းဖွင့်ပွဲများ ပြုလုပ်ကြရာ သင်တန်းဖွင့်ပွဲများတွင် သင်တန်းကျောင်းများအလိုက် ကျောင်းအုပ်ကြီးများက သင်တန်းဖွင့် အမှာစကားများ ပြောကြား ကြသည်။
အဆိုပါ သင်တန်းဖွင့်ပွဲများသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်၍ ပြည်သူ့စစ်မှုထမ်း သင်တန်း အမှတ်စဉ်(၂၁)မှ သင်တန်းသားများအား တွေ့ဆုံကာ သင်တန်းသားများအတွက် ဂုဏ်ပြုချီးမြှင့် ငွေ၊ စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင် ပစ္စည်းများ ပေးအပ်ကြပြီး သင်တန်းသား များအား လိုက်လံနှုတ်ဆက် အားပေးကြသည်။
ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေး ဟူသည့် ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်းစောင့်ရှောက်ရန် နိုင်ငံသားတိုင်းတွင် တာဝန်ရှိကြသဖြင့် ယင်းတာဝန်များကို ထမ်းဆောင်နိုင်ရေးအတွက် စစ်ပညာ သင်ကြားရန်နှင့်
နိုင်ငံတော်၏ ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နိုင်ရန် ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်း ဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်တွင် စတင်အာဏာ တည်စေခဲ့ပြီး ပြည်သူ့စစ်မှုထမ်း သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးခဲ့သည်။ အဆိုပါ ပြည်သူ့စစ်မှုထမ်း သင်တန်းများမှ သင်တန်းဆင်းခဲ့သည့် ပြည်သူ့စစ်မှုထမ်း နိုင်ငံ့သားကောင်းများသည် တာဝန်ကျရာ တပ်ရင်း/တပ်ဖွဲ့အသီးသီးတွင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ဦးလည်မသုန် ကျေပွန်စွာထမ်းဆောင်နေကြပြီ ဖြစ်သည်။
ယနေ့တွင် ဖွင့်လှစ်လိုက်သည့် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၂၁)မှနိုင်ငံ့သားကောင်း လူငယ်များအဖြစ် နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ဂုဏ်ယူစွာထမ်းဆောင်ရန် သင်တန်းတက်ရောက်ကြမည့် သင်တန်းသားများ၏ စကားသံများကိုလည်း ယခုလိုပဲ ကြားသိရပါသည်။
၁။ ပြည်သူ့စစ်မှုထမ်း ဥပဒေကို လေးစားလိုက်နာတဲ့အနေနဲ့ နိုင်ငံသားတိုင်းမှာ တာဝန်ရှိတယ် ဆိုတဲ့ အသိစိတ်နဲ့တက်ရောက်ခဲ့တာပါ။ ကျွန်တော့်အနေနဲ့ တတ်နိုင်သလောက် လေ့လာ ကြိုးစားပြီးတော့ သင်ယူသွားမယ် ဆိုတဲ့စိတ် ခံယူထားပါတယ်ခင်ဗျ။ နိုင်ငံသားတိုင်း နိုင်ငံ့သား ကောင်းဖြစ်အောင်လို့ ပြည်သူ့စစ်မှုထမ်းတာဝန်ကို ထမ်းဆောင်ပေးကြပါလို့ တိုက်တွန်းပြောကြား လိုပါတယ်ခင်ဗျ။
၂။ ပြည်သူ့စစ်မှုထမ်းသင်တန်းကို ဘယ်လိုစိတ်ဓာတ်နဲ့ တက်ရောက် ဖြစ်ခဲ့သလဲဆိုတော့ ဒီဥပဒေကြီးက ဘယ်လိုမှ ရှောင်လွှဲလို့မရပါဘူး။ ဒါကြောင့် ကျွန်တော်တို့ ထမ်းဆောင်ရမှာပါ။ ဒါကတော့ နိုင်ငံသားတစ်ယောက်အနေနဲ့ မဖြစ်မနေ ထမ်းဆောင်ရမှာ ဖြစ်လို့ပါ။ နိုင်ငံသားတစ်ယောက် အနေနဲ့တော့ ဒီတာဝန်တွေကို ကျေပွန်အောင် ထမ်းဆောင်သွားမယ်လို့ စိတ်ကူးထားပါတယ်။ တာဝန်ကျရာ အရပ်မှာလည်း ပေးအပ်တဲ့တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်သွားမှာပါ။
၃။ နိုင်ငံသား တစ်ယောက်အနေနဲ့တာဝန်ရှိတယ်လို့ ခံစားရလို့ လာတက်ရောက်တာပါ။ သင်တန်းကာလပြီးတော့ နိုင်ငံတော်ကပေးအပ်တဲ့တာဝန်တွေကို ကျွန်တော်ကိုယ်တိုင် စိတ်ရောကိုယ်ပါ ကြိုးစားပြီးတော့ ကျရာနေရာမှာ အကောင်းဆုံးကြိုးစား ထမ်းဆောင် သွားမှာပါခင်ဗျ။ ပြည်သူ့စစ်မှုထမ်း ဥပဒေကိုတော့ အကောင်းဘက်က မြင်ရင်တော့ အကောင်းဖြစ်မှာပေါ့။ အဆိုးဘက်ကမြင်ရင်တော့ အဆိုးဖြစ်မှာပါပဲ။ ဒါပေမဲ့ မဖြစ်မနေ ထမ်းဆောင် ရမှာဖြစ်တဲ့အတွက် ရှောင်လွှဲလို့လည်း မရပါဘူး။ ထမ်းဆောင်ဖို့ အသင့်ပြင်ထားကြပါလို့ ပြောချင်ပါတယ်ခင်ဗျ။
သတင်းစဉ်


