ဒေါက်တာ နိုင်ဆွေဦး
ဂမ်ဘီယာနိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ အမှုနှင့်ပတ်သက်ပြီး ကြားနာပွဲကို ဇန်နဝါရီ ၁၂ ရက်မှ ၂၉ ရက်အထိ နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံးတွင် ပြုလုပ်လျက်ရှိသည်။
အဆိုပါ ကြားနာပွဲနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ ဝါရင့်အကြံပေးအဖွဲ့ဝင်၊ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ တည်ထောင်သူနှင့် အမှုဆောင်ဒါရိုက်တာ၊ မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ (Myanmar Narrative Think Tank) ဒါရိုက်တာ ဒေါက်တာနိုင်ဆွေဦး၏ ပြောကြားချက်များကို ဖော်ပြအပ်ပါသည် -
ကျွန်တော့်အနေနဲ့ ပထမဆုံး ဆွေးနွေးချင်တာက ကျွန်တော်ဟာ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ဘင်္ဂါလီအရေးအခင်းနဲ့ပတ်သက်ပြီး ၂၀၁၈ ခုနှစ်နဲ့ ၂၀၁၉ ခုနှစ်ကာလတွေမှာ ဘူးသီးတောင်၊ မောင်တောဒေသတွေကို ကိုယ်တိုင်ကွင်းဆင်း သွားရောက်ပြီးတော့ သုတေသနပြုလုပ်ခဲ့သူ ဖြစ်ပါတယ်။ မြေပြင်အခြေအနေတွေကို လက်တွေ့သိရှိခဲ့ သူတစ်ဦးလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ကျွန်တော့်အနေနဲ့ ဘင်္ဂါလီတွေကို ပြန်လည်လက်ခံဖို့ ဆွေးနွေးတဲ့နေရာမှာ ကျွန်တော်တို့ Think Tank တွေ အပါအဝင်ပဲ ဖြစ်ပါတယ်။ ဒီလိုမျိုးဆွေးနွေးတဲ့အခါမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက Think Tank တွေနဲ့ မြန်မာနိုင်ငံက Think Tank တွေအကြား ပုံမှန်ဆွေးနွေးပွဲပြုလုပ်ရာမှာလည်း ကျွန်တော့်အနေနဲ့ ပုံမှန်ပါဝင်ဆွေးနွေးခဲ့တာ ၂၀၁၈၊ ၂၀၁၉ ခုနှစ်ကတည်းက ဖြစ်ပါတယ်။
လက်ရှိဖြစ်ပွားနေတဲ့ ICJ မှာ တရားစွဲဆိုခံရတဲ့ အခြေအနေနဲ့ပတ်သက်ပြီး အကျဉ်းမျှ ဆွေးနွေးလိုပါတယ်။ ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၁ ရက်မှာ အာဖရိကတိုက် အနောက်ပိုင်းမှာရှိတဲ့ ဂမ်ဘီယာနိုင်ငံကနေ အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ရဲ့ထောက်ခံမှုနဲ့ မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) မှာ စတင်တရားစွဲဆိုခဲ့တာပဲဖြစ်ပါတယ်။
ဂမ်ဘီယာက မြန်မာနိုင်ငံကို စွဲဆိုသွားတဲ့အမှုမှာ သူတို့ရဲ့စွပ်စွဲချက်ကတော့ ၁၉၄၈ ခုနှစ် လူမျိုးသုဉ်း သတ်ဖြတ်မှု တားဆီးရေးနှင့် အပြစ်ပေးရေးဆိုင်ရာ သဘောတူညီချက် (Genocide Convention) ကို ချိုးဖောက်တယ်ဆိုပြီး မတရားစွပ်စွဲကာ ကျွန်တော်တို့နိုင်ငံကို တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။
အဓိကအချက်ကတော့ ၂၀၁၆ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး ဒီအကြောင်းအရာတွေကို အခြေခံကာ မတရားစွပ်စွဲပြီး တရားစွဲဆိုခဲ့ခြင်းဖြစ် တယ်ဆိုတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဂမ်ဘီယာနိုင်ငံကို ကြည့်မယ်ဆိုရင် ဂမ်ဘီယာနိုင်ငံဟာ မြန်မာနိုင်ငံနဲ့ မိုင်ပေါင်းထောင်ချီဝေးတဲ့ အာဖရိကတိုက်ရဲ့ အနောက်ပိုင်းမှာတည်ရှိတဲ့ နိုင်ငံငယ်လေးတစ်နိုင်ငံပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံက ကြည့်မယ်ဆိုရင်လည်း ဂမ်ဘီယာမှာ မြန်မာနိုင်ငံကို တရားစွဲဆိုဖို့အတွက် ဥပဒေကြောင်းအရ တာဝန်မရှိပါဘူး။ ဂမ်ဘီယာက OIC ရဲ့ Proxy သက်သက်သာဖြစ်ပါတယ်။ နောက်တစ်ခုက ဂမ်ဘီယာနဲ့ မြန်မာနိုင်ငံ နှစ်နိုင်ငံကြားထဲမှာ အငြင်းပွားမှုလည်း ဘာမှရှိမနေပါဘူး။ သူတို့ဖြစ်ပွားတယ်လို့ စွပ်စွဲခဲ့တဲ့နေရာက ဂမ်ဘီယာနိုင်ငံအတွင်းမှာရှိတာ မဟုတ်သလို ဂမ်ဘီယာနိုင်ငံသားတွေ အပေါ်မှာလည်း သက်ရောက်မှုတစ်စုံတစ်ရာမရှိဘူးဆိုတာ တွေ့ရမှာဖြစ်ပါတယ်။ ဂမ်ဘီယာနိုင်ငံရဲ့ စွပ်စွဲချက်တွေဟာ တစ်ဖက်သတ်သာဖြစ်ကြောင်း တွေ့ရမှာဖြစ်ပါတယ်။
ဒါပေမဲ့လည်း ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှာ ICJ က ကြားဖြတ်အမိန့် (Provisional Measures) ကို ချမှတ်ခဲ့ပြီး ခြောက်လတစ်ကြိမ် အစီရင်ခံစာ တင်ပြရန်ဆိုပြီး လုပ်ဆောင်ခဲ့တာ တွေ့ရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ကလည်း မိမိတို့အနေနဲ့ ကမ္ဘာ့မိသားစုအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ ပီသစွာနဲ့ အစီရင်ခံစာတွေကို ပုံမှန်တင်ပြခဲ့တာရှိပါတယ်။ ဒါပေမဲ့ တစ်ဖက်ကလည်း ဂမ်ဘီယာအပါအဝင် တခြားနိုင်ငံတွေအနေနဲ့ ဒါက လုံလောက်မှုမရှိဘူးလို့ ဝေဖန်တာတွေ တွေ့ရမှာဖြစ်ပါတယ်။ မည်သို့ပင် ဆိုစေကာမူ မြန်မာနိုင်ငံအနေနဲ့ကတော့ မိမိတို့ လုပ်ဆောင်ရမယ့်တာဝန်တွေကို ကျေပွန်အောင် ထမ်းဆောင်ခဲ့တယ်ဆိုတာ တွေ့ရမှာဖြစ်ပါတယ်။
ဆက်ပြီးတော့ ၂၀၂၂ ခုနှစ် ဇူလိုင်လမှာ တရားရုံးကနေ မြန်မာနိုင်ငံရဲ့ ကန့်ကွက်ချက်တွေကို ပယ်ချကာ သူတို့မှာ စီရင်ပိုင်ခွင့်ရှိတယ်ဆိုပြီး အတည်ပြုခဲ့ကြောင်း တွေ့ရမှာဖြစ်ပါတယ်။ ဂမ်ဘီယာအပြင် ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ စတဲ့ နိုင်ငံ ၁၁ နိုင်ငံက Article 63 အရ ဝင်ရောက်စွက်ဖက်ခွင့် ရရှိခဲ့တယ်ဆိုတာ တွေ့ရမှာဖြစ်ပါတယ်။
လက်ရှိအခြေအနေနဲ့ပတ်သက်ပြီး ဆက်လက်ဆွေးနွေးမှာဖြစ်ပါတယ်။ ဒီအမှုဟာ လက်ရှိအခြေအနေမှာ အကြောင်းအရာစစ်ဆေးမှုအခြေအနေကို ရောက်ရှိနေပြီး နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့က မြန်မာနိုင်ငံရဲ့ အေးဂျင့်အနေနဲ့ နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့ရှိ ICJ ကိုရောက်ရှိနေပြီးတော့ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ခုခံချေပနေတာကို တွေ့ရမှာပဲဖြစ်ပါတယ်။ ဒါပေမဲ့ ICJ မှာ ဖြစ်ပွားခဲ့တဲ့ အမှုတွေဟာ အချိန်တိုအတွင်း ပြီးပြတ်သွားတာမဟုတ်ဘဲ နှစ်ပေါင်းများစွာ ကြာမြင့်လေ့ရှိတယ်ဆိုတာ သတိထားရမှာ ဖြစ်ပါတယ်။
တစ်နည်းအားဖြင့် ကြည့်မယ်ဆိုရင် နယ်သာလန်နိုင်ငံမှာရှိတဲ့ ICJ တရားရုံးကို မြန်မာနိုင်ငံကိုယ်စားပြုတဲ့ ကိုယ်စားလှယ်အဖွဲ့ရောက်ရှိနေခြင်းဟာ မြန်မာအစိုးရရဲ့တရားဝင်မှုကို ပြသနေတာပဲဖြစ်ပါတယ်။


