ပဲခူး ဇန်နဝါရီ ၂၂
ပဉ္စမအကြိမ်မြောက် ဆေးပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပဲခူးမြို့ဆုတောင်းပြည့် ရွှေမော်ဓော စေတီတော်ရင်ပြင်တော်ရှိ ရွှေကျောင်းတော် ကျောက်ပန်းတောင်း ဓမ္မာရုံ၌ ကျင်းပရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး၊ တိုင်း ဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ အလှူရှင်များနှင့် ဖိတ်ကြားထား သူများ တက်ရောက်ကြည်ညိုကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးနှင့် ဧည့်ပရိသတ်များက ရွှေမော်ဓော စေတီတော်မြတ်ကြီး ဘဏ္ဍာတော် ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယ ဘဒ္ဒန္တဉေယျဓမ္မာ ဘိဝံသထံမှ ငါးပါးသီလ ခံယူဆောက်တည် ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ဩဝါဒါစရိယ ဆရာတော်ကြီးများထံ ဆေးပစ္စည်းအလှူတော်များ ဆက်ကပ်လှူဒါန်းကာ ရွှေမော်ဓော စေတီတော်ကြီး ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ဩဝါဒါစရိယ ဘဒ္ဒန္တ သီရိန္ဒထံမှ ဧည့်ပရိသတ်များက အနုမောဒနာတရား နာယူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးနှင့်အဖွဲ့သည် ဆုတောင်းပြည့် ရွှေမော်ဓောစေတီ တော်ရင်ပြင်တော်ပေါ်၌ ဆရာ တော်၊ သံဃာတော် အရှင်သူမြတ်များနှင့် သီလရှင်ဆရာကြီး၊ ဆရာလေးများအား ကျပ်သိန်းတစ်ထောင် ကျော်တန်ဖိုးရှိ ဆေးပစ္စည်းများနှင့် လှူဖွယ်ဝတ္ထုများ လောင်းလှူ ပူဇော်ကြပြီး နေ့ဆွမ်းဆက်ကပ် လှူဒါန်းကာ ဘုရားဖူးလာ ပြည်သူများအား စတုဒိသာ ကျွေးမွေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


