မြစ်ကြီးနား ဇန်နဝါရီ ၂၂

 

(၇၈)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် နှစ်ပတ်လည်မဂ္ဂဇင်းဖြစ်မြောက်ရေး ကော်မတီနှင့် အယ်ဒီတာအဖွဲ့တို့ကို ပြည်နယ်အစိုးရအဖွဲ့က ဂုဏ်ပြုချီးမြှင့်ခြင်းကို ယနေ့နံနက် ၉ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မေခခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ တက်ရောက်ကြသည်။

 

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး နှစ်ပတ်လည်မဂ္ဂဇင်း ဖြစ်မြောက်ရေး ကော်မတီအဖွဲ့ဝင်များဖြစ်သည့် မြစ်ကြီးနားတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်းနှင့် အယ်ဒီတာအဖွဲ့ဝင်များကို ဂုဏ်ပြုချီးမြှင့်ငွေများနှင့် ဂုဏ်ပြုလက်ဆောင်များ၊ အယ်ဒီတာအဖွဲ့ဝင်များထဲမှ သက်ကြီးစာရေးဆရာကြီးနှစ်ဦးတို့အတွက် ကျန်းမာရေးစောင့်ရှောက်မှု ထောက်ပံ့စရိတ်များကိုပေးအပ်ရာ အယ်ဒီတာအဖွဲ့ဝင် စာရေးဆရာ အကြီးကိုကို (ကသာ)က ကျေးဇူးတင်ဝမ်းမြောက်စကား ပြန်လည်ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်က မဂ္ဂဇင်းတွင် ဖော်ပြပါရှိသည့် ဆုရပြိုင်ပွဲဝင် ပန်းချီပိုင်ရှင် ကျောင်းသား ကျောင်းသူ နှစ်ဦးတို့ကို ထပ်ဆင့်ဂုဏ်ပြု ချီးမြှင့်သည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ပြည်နယ်အတွင်း နယ်မြေအခြေအနေအရ တာဝန်ကျမြို့နယ်များမှ တိမ်းရှောင်လာသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက နယ်မြေအခြေအနေအရ ယာယီတိမ်းရှောင်လာကြသည့် ဗန်းမော်ခရိုင်နှင့် ချီဖွေခရိုင်အတွင်းမှ ဝန်ထမ်းများ၊ ဆွမ်ပရာဘွမ်မြို့နယ်၊ ကံပိုင်တည်မြို့၊ ဆင်ဘိုမြို့နှင့် ဆဒုံးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများမှ ဝန်ထမ်းများအတွက် တစ်ဦးလျှင် ဆန် တစ်အိတ်၊ ဆီတစ်ပိဿာ၊ ကြက်ဥ တစ်ကတ်နှုန်းဖြင့် စုစုပေါင်းဝန်ထမ်း ၂၁၁ ဦးတို့အတွက် တန်ဖိုးငွေကျပ် ၂၃၄၂၁၀၀၀ ရှိ ပစ္စည်းများကို ထောက်ပံ့ပေးအပ်ကြရာ ယာယီတိမ်းရှောင် ဝန်ထမ်းများကိုယ်စား အရာထမ်းတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြား၍ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကိုမှာကြားကာ အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)