မုံရွာ ဇန်နဝါရီ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာ ပညာရေးဒီဂရီကောလိပ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မောင်မယ် သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ ကျောင်းရှိ ပဉ္စဗလဘက်စုံသုံး ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ မုံရွာပညာ ရေးဒီဂရီကောလိပ် ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး မုံရွာပညာရေး ဒီဂရီကောလိပ် ပထမနှစ် (ပထမ နှစ်ဝက်) ကျောင်းသား ကျောင်းသူများအတွက် ငွေကျပ်သိန်း ၅၀ ကိုလည်းကောင်း၊ ကျောင်းအုပ် ဆရာမကြီးထံ ကျောင်းအတွက် ငွေကျပ် ၁၀ သိန်းကိုလည်းကောင်း ပေးအပ်ချီးမြှင့်ပြီး မုံရွာပညာရေး ဒီဂရီကောလိပ် ကျောင်းအုပ် ဆရာမကြီးက ကြိုဆိုနှုတ်ခွန်း ဆက်စကား ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း က မောင်သစ်လွင်၊ မယ်သစ်လွင် တို့ကို စလွယ်နှင့် သရဖူပေးအပ် ချီးမြှင့်ကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ က မုံရွာပညာရေးဒီဂရီကောလိပ်မှ ကျောင်းသား ကျောင်းသူများ၏ တေးသီချင်းများဖြင့် ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကြပြီး တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်က တေးသီချင်းများဖြင့် ကပြဖျော်ဖြေပေးခဲ့ကြသည့် ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


