နေပြည်တော် ဇန်နဝါရီ ၂၃
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးအောင်စောဝင်းသည် ဘယ်လာရုစ်သမ္မတနိုင်ငံ ဘယ်လာရုစ်ပါတီ (Belarusian Party Belaya Rus)ဥက္ကဋ္ဌMs. Vohla N. Chamadanova ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယမန်နေ့ မွန်းလွဲ၂ နာရီ တွင် ရန်ကုန်မြို့ Park Royal Hotel ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံရာတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၁) နှင့် အပိုင်း (၂) ကို ဥပဒေနှင့်အညီ ပွင့်လင်းမြင်သာမှုရှိစွာ လွတ်လပ်မျှတစွာ ကျင်းပနိုင်ခဲ့သည့် အခြေအနေများ၊ နိုင်ငံတကာနှင့် ပြည်တွင်းရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့များကို ဖိတ်ခေါ်၍ စောင့်ကြည့်လေ့လာခွင့်ပြုခဲ့သည့် အခြေအနေများ၊ ပြည်တွင်း၊ ပြည်ပသတင်းမီဒီယာများကို ပွင့်လင်းမြင်သာစွာ သတင်းရယူနိုင်ရေး ဆောင်ရွက်ပေးခဲ့မှု၊ ကျင်းပပြီးသည့် အပိုင်းလိုက် ရွေးကောက်ပွဲများတွင် မဲဆန္ဒရှင် ပြည်သူများ၏ မဲပေးမှုနှင့် မဲပေးရာတွင် မြန်မာအီလက်ထရောနစ် မဲပေးစက် အသုံးပြုခဲ့မှု၊ ပြည်တွင်း၊ ပြည်ပ ကြိုတင်ဆန္ဒမဲပေးမှု အခြေအနေများ၊ ပြောင်းလဲ ကျင့်သုံးသည့် ရွေးကောက်ပွဲစနစ်ဆိုင်ရာ အကြောင်းအရာများ၊ ရွေးကောက်ပွဲလုပ်ငန်းစဉ် အဆင့်ဆင့်ကို ဒီမိုကရေစီစံနှုန်းများနှင့်အညီ စနစ်တကျဆောင်ရွက်ထားရှိမှုများ၊ ဆက်လက်ပြီး ရွေးကောက်ပွဲ အပိုင်း (၃) ကို အောင်မြင်စွာ ကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်မှုနှင့် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာနိုင်ရေး ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ဘယ်လာရုစ်သမ္မတနိုင်ငံ ဘယ်လာရုစ်ပါတီဥက္ကဋ္ဌက မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၁) နှင့် အပိုင်း (၂) ကို လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲအဖြစ် အောင်မြင်အောင် ကျင်းပနိုင်ခဲ့သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ ရွေးကောက်ပွဲဆိုင်ရာ အကြောင်းအရာ၊ အချက်အလက်များနှင့် စပ်လျဉ်း၍ ပြည့်စုံစွာရှင်းလင်း ပြောကြားပေးမှုနှင့် ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရန် ဖိတ်ကြားမှုအတွက် ကျေးဇူးတင်ပါကြောင်း၊ ဘယ်လာရုစ်သမ္မတနိုင်ငံမှ ဗဟိုရွေးကောက်ပွဲကော်မရှင် ဒုတိယ ဥက္ကဋ္ဌနှင့်အဖွဲ့သည် ရွေးကောက်ပွဲ အပိုင်း (၁) တွင် လာရောက်လေ့လာခဲ့ကြပြီး ယခုအခါ ဇန်နဝါရီ ၂၅ ရက် တွင် ကျင်းပမည့် ရွေးကောက်ပွဲ အပိုင်း (၃) သို့ ထပ်မံလာရောက် လေ့လာခွင့်ရသည့်အတွက် ဂုဏ်ယူ ဝမ်းမြောက် ပါကြောင်း ပြောကြားသည်။
ယင်းနောက် ဟနွိုင်းအခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်သမ္မတနိုင်ငံ သံအမတ်ကြီး Mr. Uladzimir BARAVIKOU က ရွေးကောက်ပွဲ အပိုင်း (၁) စောင့်ကြည့် လေ့လာခဲ့ရာတွင် တွေ့ရှိရသည့် အခြေအနေ၊ ရွေးကောက်ပွဲကိုဥပဒေနှင့်အညီ စနစ်တကျ ပွင့်လင်းမြင်သာမှုရှိစွာ ဆောင်ရွက်ထားမှုများအပေါ် သုံးသပ်တွေ့ရှိချက်ကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးပြီး အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်နှင့်အတူ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးခင်မောင်ကျော်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးနှင့် ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတို့မှ တာဝန်ရှိသူများ၊ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


