တိပိဋကဓရ တိပိဋကကောဝိဒ ဘွဲ့တံဆိပ်တော်ရရှိတော်မူသော ဆရာတော်ထံသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ဆက်ကပ်ပေးပို့သည့် ဂုဏ်ယူဝမ်းမြောက်ကြောင်းသဝဏ်လွှာ ဆက်ကပ်လှူဒါန်း 

 

ရန်ကုန် ဇန်နဝါရီ ၂၄

 

(၇၈) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင် တိပိဋကဓရ တိပိဋကကောဝိဒ (၁၈) ပါးမြောက် ဘွဲ့တံဆိပ်တော်မြတ်ရရှိတော်မူသည့် ဘဒ္ဒန္တဝိစိတ္တသာရ ဆရာတော်ထံသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ဆက်ကပ်ပေးပို့သည့် ဂုဏ်ယူဝမ်းမြောက်ကြောင်းသဝဏ်လွှာ ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် တိပိဋက မဟာဂန္ထဝင် နိကာယ်ကျောင်းတိုက်၌ ကျင်းပရာ အခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညိုကြသည်။ 

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ဆက်ကပ်ပေးပို့သည့် ဂုဏ်ယူဝမ်းမြောက်ကြောင်းသဝဏ်လွှာတွင်ပါရှိသည့် ယခုနှစ် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကို ၂၁-၁၂-၂၀၂၅ ရက်မှ ၂၂-၁-၂၀၂၆ ရက်အထိ ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ ဆဋ္ဌသင်္ဂါယနာမဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီးတွင် ကျင်းပနေကြောင်းကို သိရှိရပါကြောင်း။

 

တပည့်တော်အနေဖြင့် မြန်မာနိုင်ငံတွင်သာမက ကမ္ဘာပေါ်တွင် အဆင့်အမြင့်ဆုံး၊ ရက်အရှည်ဆုံးကျင်းပသည့် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး စာမေးပွဲကြီးတွင် တိပိဋကဓရဘွဲ့တံဆိပ်တော်ရ၊ တိပိဋကကောဝိဒဘွဲ့တံဆိပ်တော်ရ ဆရာတော်များ ပေါ်ထွန်းစေချင်သည့် ဆန္ဒရှိပါကြောင်း။

 

အတိုင်းမသိ ဂုဏ်ယူဝမ်းမြောက်

 

ထို့ကြောင့်ပင် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးအဖွဲ့ ဆရာတော်ကြီးများ အပြီးသတ်ဆုံးဖြတ်၍ ထုတ်ပြန်လာမည့် အောင်စာရင်းစောင့်မျှော်နေခဲ့ရာ ဆရာတော်သည် ယခုနှစ် (၇၈) ကြိမ်မြောက် ကျင်းပသော စာမေးပွဲကြီးတွင် အဘိဓမ္ဓာ (နောက်ပိုင်း) ယမကနှင့် ပဋ္ဌာနဟူသော ခက်ခဲနက်နဲလှသည့် ကျမ်းနှစ်ဆူ၏ ခဲရာခဲဆစ် သဘောအဓိပ္ပာယ်များကို အောင်မြင်စွာ ဖြေဆိုနိုင်ခဲ့သဖြင့် တိပိဋကဓရ တိပိဋကကောဝိဒ ဘွဲ့တံဆိပ်တော်၊ အောင်လက်မှတ်၊ အရိုးဝါကနက္ကဒဏ် ထီးဖြူတော်သုံးလက် အမှတ်တံဆိပ်ပါ သာသနာ့အောင်လံတော်ကို ခံယူရရှိမည်ဖြစ်သောကြောင့် အတိုင်းမသိ ဂုဏ်ယူဝမ်းမြောက်ကာ ဖရဏာပီတိဂွမ်းဆီထိသကဲ့သို့ ခံစားရပါကြောင်း။

 

သာသနာ‌ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရှိ အချက်အလက်များအရ ဆရာတော်သည် စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ် ဝန်းရံကျေးရွာတွင် ဖွားမြင်တော်မူခဲ့ကြောင်း၊ ၁၃၅၆ ခုနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ် တင်းတိန်ရံဈေး ဓမ္မိကာရုံ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကေသရိန္ဒာဘိဝံသကို ဥပဇ္စျာယ်ပြု၍ မြင့်မြတ်သောရဟန်းအဖြစ်သို့ ရောက်ရှိတော်မူခဲ့ကြောင်း၊ ဆရာတော်သည် သာသနဓဇဓမ္မာစရိယဘွဲ့၊ ဝိနယဝိဒူဘွဲ့၊ ဒီဃနိကာယဝိဒူဘွဲ့၊ မဇ္ဈိမနိကာယဝိဒူဘွဲ့၊ အဘိဓမ္မဝိဒူ (၁/၂) ဘွဲ့၊ နိကာယဝုဍ္ဎိသမိတိဝိနယကောဝိဒဘွဲ့၊ နိကာယုဇ္ဇောတက ဓမ္မတ္ထဝိသာရဒ ဒီဃဘာဏကဘွဲ့၊ နိကာယုဇ္ဇောတက ဒီဃနိကာယဓမ္မာစရိယဘွဲ့၊ နိကာယုဇ္ဇောတက အတ္ထဝိသာရဒ မူလအာဘိဓမ္မိကဘွဲ့၊ နိကာယုဇ္ဇောတက မဇ္ဈိမဘာဂ ဓမ္မာစရိယဘွဲ့၊ နိကာယုဇ္ဇောတက မဇ္ဈိမအာဘိ ဓမ္မိကဘာဏကဘွဲ့ စသည့်ဘွဲ့တော်များ အောင်မြင်ရရှိတော်မူပြီး ဆက်လက်၍ အားထုတ်တော်မူရာ ၁၃၇၆ ခုနှစ် ၌ ကျင်းပ‌သော (၆၇) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင် သင်ရိုးပိဋကတ်သုံးပုံဟု ဆိုအပ်သော ဝိနည်းငါးကျမ်း၊ သုတ်သုံးကျမ်း၊ အဘိဓမ္မာခုနစ်ကျမ်းတို့ကို ခက်ခဲနက်နဲစွာ လေ့လာကျက်မှတ်၍ သတ်မှတ်အချိန်၊ သတ်မှတ်ရက်အတွင်း သတ်မှတ်စာမျက်နှာ၊ သတ်မှတ်ကျမ်းစာများကို အာဂုံပြန်ဆိုနိုင်ခဲ့ပြီး အာဘိဓမ္မိက ဘွဲ့တံဆိပ်တော်နှင့် တိပိဋကဓရ ဘွဲ့တံဆိပ်တော်တို့ကို ရရှိတော်မူခဲ့ကြောင်း သိရှိရပါကြောင်း။

 

တပည့်တော်များ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် အစိုးရလက်ထက် ယခုနှစ်ကျင်းပသော (၇၈) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင် သင်ရိုးပိဋကတ်တော်များ၏ အဖွင့်ကျမ်းများဖြစ်သော အဋ္ဌကထာ၊ ဋီကာ၊ အနုဋီကာ၊ ယောဇနာ၊ ဂဏ္ဌိ၊ နိဿယများလာ ခက်ခဲနက်နဲသော သဘောအဓိပ္ပာယ်တို့ကို ဆရာတော်၏ သဒ္ဓါစွမ်းအား၊ သတိစွမ်းအား၊ သမာဓိစွမ်းအား၊ ပညာစွမ်းအားတို့ဖြင့် ဖြေဆိုအောင်မြင်ခဲ့ပြီးဖြစ်၍ နိုင်ငံတော်မှ ဆက်ကပ်သော တိပိဋကဓရ တိပိဋကကောဝိဒ ဘွဲ့တံဆိပ်တော်ကို အလှူခံရရှိတော်မူမည်ဖြစ်ရာ ဆရာတော်သည် ပရိယတ္တိသာသနာတော်အတွက် တပည့်ရဟန်းသံဃာများအား စာပေပို့ချခြင်းစသော သာသနာပြုလုပ်ငန်းများ ကျန်းမာ ချမ်းသာစွာဖြင့် ဆောင်ရွက်တော်မူနိုင်ပါမည့်အကြောင်း ယခုကဲ့သို့ တိပိဋကဓရ တိပိဋကကောဝိဒ ဘွဲ့တံဆိပ်တော် ဆွတ်ခူးရရှိတော်မူသဖြင့် (၁၈) ပါးမြောက် တိပိဋကဓရ တိပိဋကကောဝိဒ သာသနာ့အာဇာနည်အဖြစ် ပေါ်ထွန်းလာခြင်းကိုလည်း အထူးပင် ဂုဏ်ယူဝမ်းမြောက်ကြောင်း ထပ်လောင်းလျှောက်ထားပြီး တိပိဋကဓရ တိပိဋကကောဝိဒ ဘွဲ့တံဆိပ်တော်ရ ဆရာတော် ဘဒ္ဒန္တဝိစိတ္တသာရ ထံ သဝဏ်လွှာကို ဆက်ကပ်သည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဘွဲ့တံဆိပ်တော်ရ ဆရာတော်အား လှူဖွယ်ပစ္စည်းများ၊ နဝကမ္မအလှူတော်ငွေများကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိပိဋကမဟာဂန္ထဝင် နိကာယ်ကျောင်းတိုက် ပဓာနနာယက တိပိဋကဓရ တိပိဋကကောဝိဒ ဓမ္မဘဏ္ဍာဂါရိက အဂ္ဂမဟာပဏ္ဍိတ ရေစကြိုဆရာတော် ဘဒ္ဒန္တဝါယာမိန္ဒာဘိဝံသအား လှူဖွယ်ပစ္စည်းများ၊ နဝကမ္မ အလှူတော်ငွေများကိုလည်းကောင်း ဆက်ကပ်လှူဒါန်းကြသည်။

 

ထို့နောက် တိပိဋကမဟာဂန္ထဝင်နိကာယ်ကျောင်းတိုက် ပဓာနနာယက တိပိဋကဓရ တိပိဋက ဓမ္မဘဏ္ဍာဂါရိက အဂ္ဂမဟာပဏ္ဍိတ ရေစကြိုဆရာတော် ဘဒ္ဒန္တဝါယာမိန္ဒာဘိဝံသ ဆရာတော် အရှင်သူမြတ်က သာသနာတော်ထွန်းကားပြန့်ပွားအောင် ဆောင်ရွက်ရာတွင် ချီးမြှောက်သင့် ချီးမြှောက်ထိုက်သော ပုဂ္ဂိုလ်တို့ကို ချီးမြှောက်သင့်ကြောင်း ဗုဒ္ဓမြတ်စွာဘုရားက ဟောကြားတော်မူခဲ့ကြောင်း၊ ယနေ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်နှင့်တကွ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်စသည့် အကြီးအကဲများက လာရောက်ချီးမြှင့် ဆက်ကပ်သည့်အတွက် ဝမ်းမြောက်ပါကြောင်း၊ ချီးမြှောက်သင့် ချီးမြှောက်ထိုက်သူများကို ချီးမြှောက်သဖြင့် အနာဂတ်သံဃာတော်များ အားကျအတုယူဖွယ် လုပ်ဆောင်ချက်တစ်ခုဖြစ်ပါကြောင်း၊ ၂၀၀၁ ခုနှစ်မှစ၍ ကျောင်းတိုက်ကို စတင်တည်ထောင်ခဲ့ရာ ၂၀၂၆ ခုနှစ်တွင် ၂၅ နှစ် ပြည့်မြောက်ပြီးဖြစ်ပါကြောင်း၊ ကျောင်းတိုက်တည်ထောင်သည့် ကာလအတွင်း (၆၇) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင် တိပိဋကဓရ တိပိဋက ကောဝိဒ တစ်ပါး၊ (၇၇) ကြိမ်မြောက်တွင် တစ်ပါး၊ ယခု (၇၈) ကြိမ်မြောက်တွင်တစ်ပါး စုစုပေါင်းသာသနာ့အာဇာနည် သုံးပါး ပေါ်ထွန်းခဲ့ပြီဖြစ်သဖြင့် ဆရာတော်နှင့်တကွ ကျောင်းတိုက်ရှိ တပည့်သံဃာတော်များ၊ တပည့်ဒါယကာ၊ ဒါယိကာမများအားလုံးက ဝမ်းမြောက်နုမော်သာဓုခေါ်ဆိုပါကြောင်း ဩဝါဒပြုမိန့်ကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်