နေပြည်တော် ဇန်နဝါရီ ၂၅

 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကို ဇန်နဝါရီ ၂၅ ရက် နံနက် ၆ နာရီမှစတင်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်ပေါင်း ၆၁ မြို့နယ်အတွင်း သတ်မှတ်မဲရုံအသီးသီး၌ ကျင်းပသည်။

 

မြန်မာနိုင်ငံ၏ အနာဂတ်တွင် ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ရာ၌ အရေးပါဆုံးသော ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအပိုင်း(၁)ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် မြို့နယ် ၁၀၂ မြို့နယ်၌လည်းကောင်း၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၂)ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်တွင် မြို့နယ် ၁၀၀ ၌လည်းကောင်း နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှု၊ ပြည်သူလူထု၏လိုက်ပါ ဆောင်ရွက်မှုတို့ဖြင့် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီးဖြစ်ပြီး ယနေ့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အပိုင်း (၃)ကို ဆက်လက်ကျင်းပရာ  ကချင်ပြည်နယ်တွင် ဗန်းမော်မြို့နယ်၊ ဖားကန့်မြို့နယ်နှင့် ရွှေကူမြို့နယ်တို့၌လည်းကောင်း၊ ကရင်ပြည်နယ်တွင် ကော့ကရိတ်မြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တို့၌ လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ကနီမြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်တို့၌ လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီးတွင် လောင်းလုံးမြို့နယ်၊ သရက်ချောင်းမြို့နယ်နှင့် ပုလောမြို့နယ်တို့၌ လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးတွင် ကျောက်ကြီးမြို့နယ်၊ ကျောက်တံခါးမြို့နယ်၊ ဖြူးမြို့နယ်၊ အုတ်တွင်းမြို့နယ်၊ သဲကုန်းမြို့နယ်၊ ဝေါမြို့နယ်၊ ကြို့ပင်ကောက်မြို့နယ်နှင့် အုတ်ဖိုမြို့နယ်တို့၌ လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးတွင် မြစ်သားမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်၊ မလှိုင်မြို့နယ်၊ တောင်သာမြို့နယ်၊ မြင်းခြံမြို့နယ်၊ ငါန်းဇွန်မြို့နယ်၊ သပိတ်ကျင်းမြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်တို့၌ လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် ဒဂုံမြို့နယ်၊ လမ်းမတော်မြို့နယ်၊ ဆိပ်ကြီး/ ခနောင်တိုမြို့နယ်၊ ဒလမြို့နယ်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သာကေတမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ တာမွေမြို့နယ်၊ ရန်ကင်းမြို့နယ်၊ ကျောက်တန်းမြို့နယ်၊ ခရမ်းမြို့နယ်၊ သုံးခွမြို့နယ်၊ စမ်းချောင်းမြို့နယ်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်နှင့် လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်တို့၌ လည်းကောင်း၊ ရှမ်းပြည်နယ်တွင် မက်မန်း မြို့နယ်၊ ပင်လောင်းမြို့နယ်၊ ညောင်ရွှေမြို့နယ်၊ ဖယ်ခုံမြို့နယ်၊ မိုးနဲမြို့နယ်၊ ကျေးသီးမြို့နယ်၊ မိုင်းရှူးမြို့နယ်၊ သီပေါမြို့နယ်နှင့် ကျောက်မဲမြို့နယ်တို့၌ လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးတွင် ရေကြည်မြို့နယ်၊ ငပုတောမြို့နယ်၊ ဒေးဒရဲမြို့နယ်၊ ညောင်တုန်းမြို့နယ်၊ ဓနုဖြူမြို့နယ်၊ အင်္ဂပူမြို့နယ်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ဇလွန်မြို့နယ်နှင့် လေးမျက်နှာမြို့နယ်တို့၌ လည်းကောင်း ကျင်းပခဲ့ကြပြီး အဆိုပါမြို့နယ်များရှိ သတ်မှတ်မဲရုံအသီးသီး၌ ဒေသခံတိုင်းရင်းသား ပြည်သူများက မြန်မာအီလက်ထရောနစ် မဲပေးစက် (Myanmar Electronic Voting Machine-MEVM) အသုံးပြု၍ ဆန္ဒမဲပေးခြင်းများကို ဆောင်ရွက်ကြသည်။

 

ထိုသို့ သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ ဒေသခံ တိုင်းရင်းသား ပြည်သူများက သတ်မှတ်မဲရုံအသီးသီး၌ စနစ်တကျ ဆန္ဒမဲပေးခြင်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် အဆိုပါ ပြည်နယ်နှင့် တိုင်းဒေသကြီးများအတွင်းရှိ တိုင်းစစ်ဌာနချုပ်များမှ တပ်မတော်သား အရာရှိ၊ စစ်သည်၊ မိသားစုများကလည်း သက်ဆိုင်ရာမဲရုံများသို့ သွားရောက်၍ စနစ်တကျ ဆန္ဒမဲပေးခြင်းများ ဆောင်ရွက်ကြသည်။

 

ထိုသို့ ဆန္ဒမဲလာရောက်ပေးကြသည့် မဲဆန္ဒရှင်ပြည်သူများ လွတ်လပ် အေးချမ်းစွာနှင့် အဆင်ပြေချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရေးအတွက် လိုအပ်သည့် မော်တော်ယာဉ်များ၊ ကျန်းမာရေး ကဏ္ဍအတွက် ဆေးအဖွဲ့များနှင့် လုံခြုံရေးပိုင်းဆိုင်ရာများကို မဲရုံအသီးသီး၌ ကြိုတင်ပြင်ဆင်ထားရှိ ကြပြီး သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကြသည်။

 

မဲပေးမှုပြီးဆုံးချိန်တွင် မဲရုံမှူးများနှင့် အဖွဲ့ဝင်များသည် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ‌၊ နိုင်ငံတကာမှ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများ ရှေ့မှောက်၌ မဲပေးစက် (Control Unit) မှ ရလဒ်များကို ထုတ်ယူကာ စနစ်တကျ ရေတွက်ခြင်းနှင့် ကြိုတင်မဲများကို စနစ်တကျ ရေတွက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ကြသည်။

 

ထိုသို့ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီး ကျင်းပမှုနဲ့ပတ်သက်၍ မဲရုံအသီးသီးတွင် လာရောက်မဲပေးကြသည့် မဲဆန္ဒရှင်ပြည်သူများ၏ရင်တွင်းစကားသံများကိုလည်း ယခုကဲ့သို့ ကြားသိရပါသည်-

ကျွန်မပေးလိုက်တဲ့ မဲတစ်ပြားကြောင့် အကုန်လုံးပြောင်းလဲသွားတာပါ။ ဖြစ်စေချင်တာ စီးပွားရေး၊ ပညာရေး၊ လူမှုရေးအကုန်လုံး နိုင်ငံရေးကအစပေါ့။ လူမျိုးတွေ အကုန်လုံး ငြိမ်းချမ်းစေချင်တယ်။ အစိုးရကိုတော့ တောင်းဆိုချင် တာတော့အများကြီးပါ။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ တောင်းဆိုချင်တယ်။ ပညာရေးနဲ့ပတ်သက်လို့လည်း တောင်းဆိုချင်တယ်။ ပညာရေးကိုလည်း ဒီထက်မကပိုပြီးတော့ တိုးတက်စေချင်တယ်။

 

အရင်က မဲပေးတာကျတော့ တံဆိပ်တုံးလေးတွေ နှိပ်ရတာပေါ့။ အခုကျတော့ စက်လေးနဲ့ပိုပြီး လွယ်ကူတာပေါ့။ အစိုးရသစ် တက်လာတယ် ဆိုရင်တော့ ပြည်သူတွေကို စီးပွားရေး၊ လူမှုရေးအကုန်လုံး အစစအရာရာအားလုံး အဆင်ပြေဖို့အတွက် မျှော်လင့်ထားတာပါ။

 

ယနေ့တွင်ကျင်းပသည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ၏ လွတ်လပ်စွာဆန္ဒမဲ ပေးနေမှုများကို ပြည်တွင်း၊ ပြည်ပမှ သတင်းမီဒီယာများနှင့် ပြည်တွင်း အခြေစိုက် နိုင်ငံတကာသံရုံးများမှ သံတမန်များ၊ သံရုံးယာယီ တာဝန်ခံများနှင့်တာဝန်ရှိသူများ၊ ရွေးကောက်ပွဲကို လာရောက် စောင့်ကြည့်လေ့လာကြသည့် နိုင်ငံတကာမှ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများက လည်းမဲဆန္ဒရှင်ပြည်သူများ၏ မဲပေးနေမှုများကို လာရောက် လေ့လာစောင့်ကြည့်၍ သတင်းရယူခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်