မန္တလေး ဇန်နဝါရီ ၂၅
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအပိုင်း(၃)ကို ယနေ့တွင် မြန်မာနိုင်ငံတစ်ဝန်းရှိ ရွေးကောက်ပွဲကျင်းပရန် ကြေညာထားသည့် မြို့နယ်ပေါင်း ၆၁ မြို့နယ်၌ နံနက် ၆ နာရီမှ ညနေ ၄ နာရီအထိ တစ်ချိန်တည်း တစ်ပြိုင်တည်းကျင်းပရာ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မဲဆန္ဒရှင်ပြည်သူများအနေဖြင့်လည်း သတ်မှတ်မဲရုံအသီးသီး၌ စိတ်အေးချမ်းလွတ်လပ်စွာဖြင့် ဆန္ဒမဲများပေးခဲ့ကြသည်။
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ သက်ဆိုင်ရာ မြို့နယ်၊ ရပ်ကွက်များ၌ မဲရုံများကို နံနက် ၆ နာရီမှ စတင်၍ စနစ်တကျဖွင့်လှစ်ပေးခဲ့ပြီး မဲဆန္ဒရှင်ပြည်သူများကလည်း စိတ်အားထက်သန်စွာဖြင့် မဲရုံ၏ စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာကာ ဆန္ဒမဲများပေးခဲ့ကြသည်။ မဲဆန္ဒရှင်ပြည်သူများ စိတ်အေးချမ်းစွာ မဲပေးနိုင်ရေးအတွက် မဲရုံတာဝန်ကျ ဝန်ထမ်းများနှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးကြသည်။
ယနေ့ကျင်းပသည့် ရွေးကောက်ပွဲအပိုင်း(၃)တွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ သပိတ်ကျင်းမြို့နယ်၊ ပုသိမ်ကြီးမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်၊ မြစ်သားမြို့နယ်၊ မြင်းခြံမြို့နယ်၊ တောင်သာမြို့နယ်၊ မလှိုင်မြို့နယ်နှင့် ငါန်းဇွန်မြို့နယ် စသည့်မြို့နယ် ရှစ်မြို့နယ်တို့ပါဝင်ပြီး အဆိုပါ မြို့နယ်ရှစ်မြို့နယ်တွင် မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပေါင်း ခြောက်သိန်းကျော်အတွက် မဲရုံပေါင်း ၅၅၆ ရုံကို စနစ်တကျ ဖွင့်လှစ်ထားရှိကာ နိုင်ငံရေးပါတီ ကိုးခုနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ် သုံးဦးတို့ ဝင်ရောက်ယှဉ်ပြိုင်အရွေးချယ်ခံကြကြောင်း သိရသည်။
ချမ်းမြသာစည်မြို့နယ် မဲရုံအမှတ်(၁) တွင် တာဝန်ကျသည့် မဲရုံမှူး ဦးနိုင်ဦးကလည်း “ကျွန်တော်တို့ မဲရုံကို လွန်ခဲ့တဲ့ ရက်သတ္တပတ်ကတည်းက ပူးပေါင်းအဖွဲ့တွေနဲ့ ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်ထားပါတယ်။ မဲရုံမှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၆၇၁ ဦး ရှိပါတယ်။ မဲရုံမှာ တာဝန်ထမ်းဆောင်သူကတော့ ၁၅ ဦးရှိပါတယ်။ မဲရုံမှာ အဆင်ပြေချောမွေ့စွာ မဲပေးနိုင်ဖို့ စနစ်တကျ ဆောင်ရွက်ထားပါတယ်။ နောက်ပြီး အမိုးအကာတွေနဲ့ ထိုင်ခုံတွေ၊ ရေဘူးတွေ၊ အစားအသောက်တွေလည်း ပြင်ဆင်ပေးထားပါတယ်။ မဲပေးစက်အနေနဲ့ လေးလုံးရှိပါတယ်။ မဲရုံမှာ နံနက် ၆ နာရီကနေ ညနေ ၄ နာရီအထိ မဲပေးလို့ရပါတယ်။ ပါတီစုံအထွေထွေရွေးကောက်ပွဲကြီးရဲ့ အပိုင်း(၃)မှာ မဲရုံမှူးအနေနဲ့ တာဝန်ထမ်းဆောင်ရတဲ့အတွက် ဝမ်းသာဂုဏ်ယူမိပါတယ်” ဟု ပြောသည်။
မဲလာရောက်ပေးသည့် ဦးကံစိန်က “ကျွန်တော့် အသက်က (၈၀) ပါ။ မနက် ၅ နာရီ အစောထပြီး မဲရုံကို ဆန္ဒမဲလာရောက်ပေးခြင်း ဖြစ်ပါတယ်။ ကျွန်တော် မဲပေးလာတဲ့ အတွေ့အကြုံအရ အခုလို မဲပေးစက်နဲ့ မဲပေးရတာ အလွန်ကိုလွယ်ကူပါတယ်။ အရင်တုန်းကတော့ အမှန်ကို ခြစ်ရတာပေါ့။ အခုကတော့ ခလုတ်နှိပ်လိုက်တော့ လွယ်ကူလျင်မြန်တာပေါ့။ နိုင်ငံကို ခေါင်းဆောင်နိုင်မယ်ထင်တဲ့ ပါတီကိုမဲပေးခဲ့ပါတယ်” ဟု ပြောသည်။
ယခုရွေးကောက်ပွဲတွင် မဲမသမာမှုများ ကင်းစင်စေရန်နှင့် မဲပေးမှုလုပ်ငန်းစဉ်များ ပိုမိုတိကျမြန်ဆန် စေရန်အတွက် မြန်မာအီလက်ထရောနစ် မဲပေးစက် (Myanmar Electronic Voting Machine - MEVM) ကို အသုံးပြုသည့်အတွက် ပြည်သူများအနေဖြင့် မိမိတို့နှစ်သက်သည့် နိုင်ငံရေးပါတီ သို့မဟုတ် ကိုယ်စားလှယ်လောင်း၏ အမည်နှင့် အမှတ်တံဆိပ်ဘေးရှိ ခလုတ်ကိုနှိပ်၍ လွယ်ကူလျင်မြန်စွာ ဆန္ဒမဲပေးခဲ့ကြသည်။
မဲလာရောက်ပေးသည့် မသန္တာလွင်က “ ကျွန်မအနေနဲ့ မဲပေးလာတာ အခုနဲ့ဆို သုံးကြိမ်ရှိပါပြီ။ အခု နောက်ဆုံးပေးတဲ့အခါမှာတော့ မဲပေးစက်နဲ့ မဲပေးရတဲ့အတွက် ပိုမိုစနစ်ကျပြီး update ဖြစ်တယ်လို့ ခံစားရပါတယ်။ နောက်ပြီး ပိုမိုမြန်ဆန် တိကျတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ စက်ခလုတ်ကိုလည်း အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နဲ့ တိုင်းဒေသကြီးလွှတ်တော်နေရာတွေအတွက် သုံးကြိမ်နှိပ်ပြီး မဲပေးခဲ့ရပါတယ်။ မဲရုံအတွင်းမှာလည်း မဲရုံတာဝန်ရှိသူတွေက လိုအပ်တာတွေကို အဆင်သင့် ကူညီဆောင်ရွက်ပေးကြပါတယ်။ ကိုယ်ကြိုက်နှစ်သက်တဲ့ ပါတီကိုမဲပေးရတဲ့အတွက်လည်း စိတ်ထဲမှာ ကျေနပ်မိပါတယ်။ နိုင်ငံသားတစ်ယောက်အနေနဲ့လည်း တာဝန်ကျေပွန်ပြီလို့ ခံစားရပါတယ်” ဟု ပြောသည်။
မဲလာရောက်ပေးသည့် မမီမီစိုးကလည်း “ကျွန်မအနေနဲ့ ဆန္ဒမဲပေးလာတာ အခုနဲ့ဆို ဒုတိယအကြိမ်ဖြစ်ပါတယ်။ ပထမအကြိမ်တုန်းကတော့ ကိုယ်တိုင်လက်နဲ့ခြစ်ပြီး ပေးခဲ့ရတာပေါ့။ အခုကတော့ စက်မှာ ခလုတ်ကလေးနှိပ်ရုံပဲဆိုတော့ အတော်လေး အဆင်ပြေပါတယ်။ တချို့အသက်ကြီးတဲ့ သူတွေကျတော့ လက်နဲ့မဲပေးရင် လွဲသွားတာတွေ ရှိတယ်။ အခုကျတော့ စက်နဲ့ဆိုတော့ အဆင်ပြေပါတယ်။ ကိုယ်ကြိုက်နှစ်သက်တဲ့ ပါတီကို စိတ်ကြိုက် မဲပေးခွင့်ရတဲ့အတွက် ပျော်ရွှင်မိပါတယ်။ ကိုယ်မဲပေးတဲ့သူ နိုင်ခဲ့ရင်လည်း ပြည်သူလူထုလည်း ပျော်ရမှာပါ။ အားလုံးကို စိတ်အေးချမ်းသာစွာနဲ့ အေးအေးဆေးဆေးပဲ ဖြစ်ချင်ပါတယ်။ မဲပေးပြီးတော့ ကိုယ့်လက်သန်းမှာ မင်စွန်းနေတာ ကြည့်ပြီးလည်း ကိုယ့်နိုင်ငံအတွက် ဝမ်းသာပျော်ရွှင်မိပါတယ်” ဟုပြောသည်။
အလားတူ မဲဆန္ဒရှင်ပြည်သူများ အဆင်ပြေချောမွေ့ လျင်မြန်စွာ ဆန္ဒမဲပေးနိုင်ရန်အတွက်လည်း မဲစာရင်းများ ရှာဖွေမှု လွယ်ကူစေရန် မဲရုံအမှတ်၊ မဲရုံအမှတ်စဉ်များ ကြိုတင်ဖြန့်ဝေပေးခြင်း၊ တာဝန်ရှိသူများက Tablet ဖြင့် ရှာဖွေပေးခြင်းနှင့် မဲစာရင်းစစ်ဆေးရာတွင် ကြန့်ကြာမှုမဖြစ်စေရေး အတန်းလိုက်၊ တာဝန်ခွဲဝေ၍ ရှာဖွေပေးခြင်းတို့ကို စီစဉ် ဆောင်ရွက်ပေးထားသည့်အတွက် မဲဆန္ဒရှင်ပြည်သူများ အချိန်ကုန်သက်သာစွာဖြင့် စိတ်ချမ်းမြေ့စွာ ဆန္ဒမဲပေးနိုင်ခဲ့သည်ကိုလည်း တွေ့မြင်ရသည်။
မဲပေးမှု နောက်ဆုံးသတ်မှတ်ပေးထားသည့် ညနေ ၄ နာရီတွင် မဲရုံများပိတ်သိမ်းပြီးနောက် မဲပေးစက်မှ ထွက်ရှိလာသော ရလဒ်များကို သက်ဆိုင်ရာ မဲရုံအသီးသီးတွင် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ မဲရုံအဖွဲ့ဝင်များ၊ ပြည်တွင်း ပြည်ပမှ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူများ၏ ရှေ့မှောက်၌ ရေတွက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
မဲလာရောက်ပေးသည့် မဖြိုးဖြိုးကလည်း “ကျွန်မအသက်က (၂၅) နှစ်ပါ။ မဲပေးတာ နှစ်ကြိမ် ကြုံတွေ့ဖူးပါတယ်။ အခု ဒုတိယအကြိမ်မှာတော့ မဲပေးစက်နဲ့ဆိုတော့ ပိုမိုလွယ်ကူပါတယ်။ အဓိကကတော့ ကျွန်မတို့ လူငယ်တွေအတွက် စိတ်လုံခြုံမှုပေးနိုင်တဲ့သူကို ရွေးပြီး မဲပေးခဲ့ပါတယ်။ နောက်ပြီး ပညာရေးအပိုင်းကိုလည်း အဓိက ထောက်ပံ့ပေးစေ လိုပါတယ်။ ပညာရေးပိုင်းမှာသာ သေချာထောက်ပံ့ ပေးမယ်ဆိုရင် တော်တဲ့လူငယ်တွေ ထွက်ပေါ်လာမှာပါ။ မဲပေးရတာလည်း စိတ်ကြိုက်ပေးခွင့်ရခဲ့ပါတယ်။ မဲရုံတာဝန်ရှိသူတွေကလည်း လိုအပ်တာတွေကို ကူညီပေးကြပါတယ်။ နိုင်ငံသားတစ်ယောက် တာဝန်ကျေပွန်သွားပြီလို့လည်း ခံစားခဲ့ရပါတယ်” ဟု ပြောသည်။
မဲလာရောက်ပေးသည့် မောင်ရွှန်းလင်းထက်ကလည်း “ကျွန်တော့် အသက်(၁၈) နှစ်ပြည့်ပြီးလို့ ပထမဦးဆုံးအကြိမ် မဲလာရောက်ပေးခြင်း ဖြစ်ပါတယ်။ ပထမဆုံး မဲပေးရတဲ့အတွက် ရင်ထဲမှာ စိတ်လှုပ်ရှား ပျော်ရွှင်မိပါတယ်။ မဲပေးစက်နဲ့ လွယ်ကူစွာ မဲပေးရတဲ့အတွက်လည်း အလွန်ကို အဆင်ပြေလွယ်ကူပါတယ်။ မဲပေးရတဲ့ လုပ်ငန်းစဉ်တွေကလည်း လွယ်ကူပါတယ်။ ကျွန်တော်တို့ မသိတာရှိရင်လည်း မဲရုံတာဝန်ရှိသူတွေက အားလုံးကို ရှင်းပြကူညီဆောင်ရွက်ပေးကြပါတယ်။ ကျွန်တော်ကြိုက်နှစ်သက်တဲ့ ပါတီကို စိတ်ကြိုက်မဲပေးခွင့်ရတဲ့အတွက်လည်း ဝမ်းသာမိပါတယ်။ ကျွန်တော် မဲပေးတဲ့ပါတီနိုင်သွားရင်လည်း နိုင်ငံနဲ့ ပြည်သူတွေ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးစေလိုပါတယ်” ဟု ပြောသည်။
ယနေ့ကျင်းပသည့် ရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူ့လွှတ်တော်နေရာ၊ အမျိုးသားလွှတ်တော်နေရာ၊ တိုင်းဒေသကြီးလွှတ်တော်နေရာနှင့် တိုင်းရင်းသားလူမျိုးလွှတ်တော်နေရာတို့အတွက် ပါတီအသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံခဲ့ကြကြောင်း သိရသည်။
မောင်အေးချမ်း


