နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၃) တွင် ပါဝင်ဆန္ဒမဲပေးနေကြသည့် မဲဆန္ဒရှင်ပြည်သူများအား မဲရုံများအလိုက် လိုက်လံကြည့်ရှုအားပေး

နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၃) တွင် ပါဝင်ဆန္ဒမဲပေးနေကြသည့် မဲဆန္ဒရှင်ပြည်သူများအား မဲရုံများအလိုက် လိုက်လံကြည့်ရှုအားပေး

 

နေပြည်တော် ဇန်နဝါရီ ၂၅

 

ဒီမိုကရေစီစနစ်တွင် ရွေးကောက်ပွဲသည် အရေးအကြီးဆုံးဖြစ်ပြီး မဲဆန္ဒရှင် ပြည်သူများအနေဖြင့် မိမိတို့၏ နိုင်ငံသားအခွင့်အရေးဖြစ်သည့် မဲပေးပိုင်ခွင့်ကို အသုံးချပြီး နိုင်ငံ၏အနာဂတ် လမ်းကြောင်းကို ရွေးချယ်ဆုံးဖြတ်ရမည်ဖြစ်သည်။

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကို ယနေ့ နံနက် ၆ နာရီမှ စတင်၍သက်ဆိုင်ရာမြို့နယ်များ၌ ကျင်းပပြုလုပ်ရာ မဲဆန္ဒရှင် ပြည်သူများအနေဖြင့် သက်ဆိုင်ရာမဲရုံများအလိုက် မည်သည့်ဖိအားတစ်စုံတစ်ရာမျှ မပါရှိဘဲ မိမိတို့၏ လွတ်လပ်သည့် သဘောထားဆန္ဒများအလျောက် တက်တက်ကြွကြွ စည်းကမ်းရှိရှိ နိုင်ငံကြီးသား ပီသစွာဖြင့် တစ်ခဲနက်ဆန္ဒမဲများပေးကြသည်။

 

ထိုကဲ့သို့ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးနေမှုများကို နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကော်မရှင် အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် အဖွဲ့ဝင်များလိုက်ပါ၍ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မဲရုံများသို့ သွားရောက်ကြည့်ရှုအားပေးသည်။

 

ထိုသို့ ကြည့်ရှုအားပေးရာတွင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌသည် ချမ်းမြသာစည်မြို့နယ်၊ ပုသိမ်ကြီး မြို့နယ်တို့အတွင်းရှိ သက်ဆိုင်ရာ မဲရုံများအလိုက် မဲရုံမှတာဝန်ရှိသူများ၏ ကွန်ပျူတာစနစ်ဖြင့် မဲစာရင်းများ တိုက်ဆိုင် စစ်ဆေးပေးလျက်ရှိမှုနှင့် မဲဆန္ဒရှင်ပြည်သူများ၏ တက်ကြွစွာ ပါဝင်ဆန္ဒမဲပေးနေမှုများကို လိုက်လံ ကြည့်ရှုပြီး မဲဆန္ဒရှင်ပြည်သူများအား ဆန္ဒမဲပေးမှုနှင့်ပတ်သက်၍ ကြုံတွေ့ရမှုများ၊ MEVM စက်ဖြင့် ဆန္ဒမဲပေးရာတွင် တွေ့ကြုံရမှုများ၊ မဲရုံဝန်ထမ်းများ၏ တာဝန်ထမ်းဆောင်နေမှု အခြေအနေများနှင့် ပတ်သက်၍ ရင်းရင်းနှီးနှီး မေးမြန်းဆွေးနွေးခဲ့ပြီး မဲဆန္ဒရှင်ပြည်သူများအား နှုတ်ဆက်သည်။

 

ထိုကဲ့သို့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌကိုယ်တိုင် မဲဆန္ဒရှင်ပြည်သူများ၏ ဆန္ဒမဲပေးနေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့မှုအပေါ် လာရောက် မဲပေးကြသည့် မဲဆန္ဒရှင်ပြည်သူများကလည်း ဝမ်းမြောက်ဂုဏ်ယူလျက်ရှိပြီး နိုင်ငံတော် ယာယီသမ္မတနှင့် အဖွဲ့ဝင်များအား ရင်းနှီးနွေးထွေးစွာ ပြန်လည်နှုတ်ဆက်ခဲ့ကြကြောင်းနှင့် မဲဆန္ဒရှင် ပြည်သူများက ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးရမှုခံစားချက် အတွေ့အကြုံများနှင့် ပတ်သက်၍ မိမိတို့၏ သဘောဆန္ဒအလျောက် ဆန္ဒမဲလာရောက်ပေးကြခြင်းဖြစ်ကြောင်း၊ MEVM စက်ဖြင့် မဲပေးရခြင်းဖြင့် ပိုမိုလွယ်ကူမြန်ဆန်ပြီး မိမိတို့ ဆန္ဒမဲပေးသည့်အတိုင်း မဲစာရင်းစာရွက်များလည်းထွက်ရှိကြောင်း၊ မဲမသမာမှုပြုလုပ်ရန်နှင့် မဲလိမ်မဲခိုးခြင်းများပြုလုပ်ရန် မဖြစ်နိုင်ကြောင်း၊ ဆန္ဒမဲပေးမှု လုပ်ငန်းစဉ်များအားလုံး အဆင်ပြေမှုရှိကြောင်းတို့ကို ရင်းရင်းနှီးနှီး ပြန်လည်ပြောကြားခဲ့ကြသည်။

 

mdn

 

နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌသည် မဲရုံများ အလိုက် မဲဆန္ဒရှင်ပြည်သူများ၏ ဆန္ဒမဲပေးနေမှုများအား လိုက်လံကြည့်ရှုအားပေးစဉ် လာရောက် သတင်းရယူကြသည့် ပြည်တွင်း၊ ပြည်ပမှ သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကိုလည်း လက်ခံဖြေကြားခဲ့ပြီး အပြည့်အစုံမှာ-

 

မေး။   အခုဒီနေ့ ရွေးကောက်ပွဲနောက်ဆုံးနေ့လည်းဖြစ်တယ်ဆိုတော့ ဒီဟာနဲ့ပတ်သက်ပြီး ရှေ့ဆက်ပြီး မြန်မာနိုင်ငံအပေါ် ဘယ်လိုများမျှော်မှန်းထားလဲရှင့်။

ဖြေ။ မြန်မာနိုင်ငံက ကျွန်တော်တို့က နဂိုကတည်းက ပြည်သူကရွေးချယ်တဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို သွားဖို့ ရည်ရွယ်ပြီးလုပ်ခဲ့တာ။ ဒီအတိုင်းပဲသွားရမှာ။ ပြည်သူကရွေးချယ်တဲ့လမ်းပဲ။ ကျွန်တော်တို့ ရွေးတာမဟုတ်ဘူး။ ပြည်သူကရွေးချယ်တဲ့လမ်း။ ကျွန်တော်တို့လည်း ပြည်သူတွေထဲက အစိတ်အပိုင်း၊ ကျွန်တော်တို့လည်း ဒီဟာကိုထောက်ခံတယ်။ ဒီအတိုင်းပဲပါတီစုံဒီမိုကရေစီ စနစ်အတိုင်းပဲသွားမယ်။ အနာဂတ်မှာ ကျွန်တော်တို့သွားပါမယ်။

 

မေး။   တချို့ကပြောတာပေါ့နော်။ တပ်ကိုထောက်ခံတဲ့ USDP ပါတီက အနိုင်ရတော့မယ်ပေါ့နော်။ အဲဒါကြောင့်မလို့ဆိုပြီး တချို့ UN expert တွေကပြောတာပေါ့နော်။ ဒါကိုအသိအမှတ်မပြုဖို့ ဘာညာ ဆိုပြီးတော့ ပြောတာတွေရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဘာများပြောချင်ပါသလဲ။

ဖြေ။ ပြည်သူက သူတို့မြန်မာပြည်တွင်းမှာနေတဲ့ ပြည်သူတွေမဲပေးတာလေ။ သူတို့အပြင်ကသူတွေ မဲပေးတာမဟုတ်ဘူး။ မြန်မာပြည်တွင်းမှာနေတဲ့သူ မဲပေးတာ။ သူတို့ဘယ်သူ့ပဲ ထောက်ခံထောက်ခံ ကြိုက်တာ ထောက်ခံလို့ရတယ်။ ပေးတဲ့သူတွေက သူတို့ထောက်ခံချင်တဲ့သူတွေပါလို့ မဲလာ ပေးတာပေါ့။ သူတို့ထောက်ခံချင်တဲ့သူတွေ မပါဘူးဆိုရင် မဲလာပေးမှာမဟုတ်ဘူး။ မဲလာမပေးခြင်းမှာ နှစ်မျိုးရှိတယ်။ တစ်ပိုင်းကတော့ သူတို့ထောက်ခံချင်တဲ့သူတွေမပါလို့ မဲလာမပေးတာ။ တစ်ပိုင်းက လုံခြုံမှုအရ လာမပေးတာရှိတယ်။ လုံခြုံမှုဆိုတာ လာဖို့ပြုဖို့ အခက်အခဲရှိတယ်။ မဲပေးတဲ့ သူတွေကကျတော့ သူတို့ထောက်ခံတဲ့သူတွေရှိလို့ လာမဲပေးတာပေါ့။ အဲဒီမှာ ခုနကခင်ဗျားပြောတဲ့ ပြည်ခိုင်ဖြိုးပါတီလည်းပါတယ်။ တခြား PPP ပါတီလည်းပါတယ်။ ကျားဖြူပါတီလည်းပါတယ်။ ပါတီစုံပါတယ်။ ဒါကြောင့်လည်း မဲပေးတဲ့စာရင်းတွေ ကျွန်တော်တို့ထုတ်ပြန်ပေးပါတယ်။ အဲ့ဒါ သူတို့လွတ်လွတ်လပ်လပ် မဲပေးတာပဲ မဟုတ်ဘူးလား။ ဒါကို နိုင်ငံခြားက အသိအမှတ်ပြုတာ၊ မပြုတာ ကျွန်တော်တို့နားမလည်ဘူး။ ပြည်သူတွေက မဲပေးတာ ကျွန်တော်တို့အသိအမှတ်ပြုတယ်။ ဒီလိုပဲသွားရမယ်။

 

မေး။ နောက်တက်လာတဲ့ အစိုးရအဖွဲ့မှာရော တပ်ချုပ်ကြီးအနေနဲ့ ဆက်ပြီးတော့ပါဖို့ရှိလား။

ဖြေ။    ကျွန်တော်တော့ ဘာမှပြောလို့မရသေးဘူးလေ။ ဒါတွေက လွှတ်တော်ခေါ်မှ လွှတ်တော်မှာ သူတို့ရွေးချယ်တဲ့ နည်းလမ်းတွေဘာတွေရှိပါတယ်။ ဒီလိုရှိပါတယ်။

 

မေး။   နောက်ဆုံးနေ့လည်း ဖြစ်တယ်ဆိုတော့လေ.. လာမယ့်အစိုးရအသစ်အတွက်ရော ဘာများ ပြောချင်တာများရှိမလဲရှင့်။

ဖြေ။ သူတို့က တိုင်းပြည်ကောင်းအောင်လုပ်ရမှာပေါ့ဗျာ။ ဘယ်အစိုးရတက်တက် တိုင်းပြည် ကောင်းဖို့ပဲ။ ပြည်သူလူထုရဲ့ အကျိုးစီးပွားဖော်ဆောင်ဖို့အတွက် တိုင်းပြည်ကို တိုးတက်အောင် ဆောင်ရွက်ပေးဖို့၊ တိုင်းပြည်အေးချမ်းအောင် ဆောင်ရွက်ပေးဖို့၊ ကမ္ဘာနဲ့ရင်ပေါင်တန်းနိုင်အောင် လုပ်ပေးဖို့ အစိုးရတစ်ရပ်ကတော့ တာဝန်ရှိတာ။ ဒါကို ကျွန်တော်ရအောင်ကြိုးစားမယ်။ ပြည်သူ ကလည်း ပါဖို့လိုတယ်။ အစိုးရကပဲ ဦးဆောင်လို့တော့မရဘူး။ အစိုးရကတော့ ရည်မှန်းချက် ထားပြီးလုပ်မှာ။ သို့သော် ပြည်သူက မပါလို့တော့မရဘူး။ ပြည်သူပါအောင်လည်း အစိုးရက လုပ်ရမှာပေါ့။ ပြည်သူကလည်း ပါဖို့တော့လိုတယ်။ ကျွန်တော်တို့က ဒီမိုကရေစီသွားချင်တယ် တောင်းဆို နေပေမယ့်လည်း ပြည်သူမပါဘဲနဲ့ ဘယ်လိုမှမဖြစ်နိုင်ဘူး။ ဒါပြည်သူပါမှဖြစ်မှာ။ ပြည်သူကလည်း အရေးကြီးပါတယ်။

 

မေး။   အခက်အခဲတွေ အများကြီးနဲ့ နောက်ဆုံးနေ့လည်း ဖြစ်တယ်ဆိုတော့လေ။ နိုင်ငံတကာနဲ့ ဒီမြန်မာပြည် သူတွေကိုရော ဘာများ message ပါးချင် တာရှိမလဲရှင့်။

ဖြေ။    ပြည်သူတွေ တိုင်းပြည်ကောင်းအောင် လုပ်ကြဖို့ပေါ့ဗျာ။ အမြင်ကျယ်ဖို့ပေါ့ဗျာ။ ဒါကိုပြောချင်ပါတယ်။ နိုင်ငံတကာကလည်း မြန်မာနိုင်ငံရဲ့ ပြည်တွင်းအခြေအနေကို အမှန်ကိုလည်း သိဖို့လိုတာပေါ့ဗျာ။ အခုမြန်မာနိုင်ငံကိုလာတဲ့ နိုင်ငံခြားကတာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေလာရင် သူတို့ အပြင်မှာကြားတာနဲ့ မြန်မာနိုင်ငံဖြစ်ပျက်နေတဲ့ အခြေအနေတခြားစီပဲလို့ပြောတယ်။ လူတိုင်း နီးပါးတော့ အဲဒီအတိုင်းပြောတယ်။ ဆိုလိုတာကတော့ ကျွန်တော်တို့မှာ ဒီကောလာဟလနဲ့ မီဒီယာကနေ လုပ်နေတဲ့ဟာတွေ တိုင်းပြည်ကခံနေရတာပေါ့ဗျာ။ တကယ်တော့ ကျွန်တော်တို့မှာ လည်းပဲ အခွင့်အရေးတွေ အများကြီးရှိပါတယ်။ အဲဒီအခွင့်အရေးတွေကို အသုံးချနိုင်မယ်ဆိုရင် တိုင်းပြည် တိုးကိုတိုးတက်တယ် ကျွန်တော်ပြောရဲပါတယ်။

 

မေး။   ၂၀၁၀ ပြည့်နှစ် ဦးသိန်းစိန် အစိုးရလိုမျိုး ဖြစ်နိုင်ပါ့မလား။ ၂၀၁၀ ပြည့်နှစ်တုန်းက USDP အစိုးရ တက်ခဲ့တယ်။ တော်တော်လေး ပြည်သူနှစ်သက်ခဲ့တယ်။ အခု ၂၀၂၅ ခုနှစ် တက်လာမယ့် အစိုးရကိုရော အဲလိုမျိုးမျှော်လင့်လို့ရမလား။

ဖြေ။    အခု အနိုင်ရတဲ့ပါတီရဲ့ သူ့ကိုပူး‌ပေါင်း ဆောင်ရွက်ပေးမယ့်အခြေအနေ ပတ်ဝန်းကျင်အပေါ်မှာ မူတည်လိမ့်မယ်။ မဟုတ်ဘူးလား။ အဲဒီဦးသိန်းစိန်သမ္မတကြီး တာဝန်ယူတဲ့အချိန်တုန်းက သူတို့ လုပ်တာတော့လုပ်တယ်။ ဒါပေမဲ့ တစ်ဖက်ကလည်း အတိုက်အခံတွေရှိတယ်။ အဲဒီ အတိုက်အခံတွေက တိုင်းပြည်ကို ကောင်းအောင်လုပ်ဖို့အတွက် သွားတယ်ဆိုရင်တော့ တစ်မျိုးပေါ့။ တိုင်းပြည် ကောင်းအောင်မဟုတ်ဘဲနဲ့ အနုတ်လက္ခဏာဆောင်အောင် သွားလုပ်တယ်ဆိုရင်တော့ နည်းနည်းခက်တော့ ခက်မယ်။ ဘယ်အစိုးရတက်တက် ဒါကတော့ ဘယ်အစိုးရတက်တက်။

 

မေး။   စိန်ခေါ်မှုချင်းကတော့ မတူဘူးပေါ့။ အဲဒီအခင်းအကျင်းက တော်တော်လေး သပ်သပ်ရပ်ရပ် ရှိတယ်။ အခုအခင်းအကျင်းက တော်တော်လေး ဗရုတ်ဗရက်နိုင်နေတာကို ထိန်းသိမ်းရမှာ ဆိုတော့လေ။ ပိုပြီးတော့ခက်မလားလို့။

ဖြေ။ ဗရုတ်ဗရက်ဆိုတာ တည်ငြိမ်အေးချမ်းမှုမရှိဘူး။ မှန်ပါတယ်။ ဒါတော့မှန်ပါတယ်။ အမြင်ကျယ်ဖို့၊ ဒါကြောင့် ခုနကပြောတဲ့ တိုင်းပြည်အမြင်ကျယ်ဖို့လိုပါတယ်လို့ ကျွန်တော်ပြောတာ။

 

သတင်းစဉ်