ရန်ကုန် ဇန်နဝါရီ ၂၅
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အပိုင်း(၁)ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နှင့် ရွေးကောက်ပွဲ အပိုင်း(၂)ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်တို့တွင် အောင်မြင်စွာကျင်းပခဲ့ပြီး ရွေးကောက်ပွဲ အပိုင်း(၃)ကို ယနေ့တွင် နိုင်ငံတစ်ဝန်းရှိ မြို့နယ်ပေါင်း ၆၁ မြို့နယ်တွင် အောင်မြင်စွာကျင်းပခဲ့သည်။
ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒဂုံ၊ လမ်းမတော်၊ ဆိပ်ကြီး/ ခနောင်တို၊ ဒလ၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ မင်္ဂလာတောင်ညွန့်၊ သာကေတ၊ မြောက်ဥက္ကလာပ၊ တာမွေ၊ ရန်ကင်း၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွ၊ စမ်းချောင်း၊ လှိုင်သာယာ (အနောက်ပိုင်း)နှင့် လှိုင်သာယာ (အရှေ့ပိုင်း) စသည့် မြို့နယ် ၁၇ မြို့နယ်တွင် မဲရုံ ၁၃၀၀ ဖွင့်လှစ်၍ ကျင်းပ ရာ မဲဆန္ဒရှင်ပြည်သူများက အေးချမ်းစွာ ဆန္ဒမဲ လာရောက် ပေးကြသည်။
ထိုသို့ ရန်ကုန်တိုင်းဒေသကြီးအတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၃) ကျင်းပနေမှုကို ပြည်တွင်း ပြည်ပသတင်းမီဒီယာများက လွတ်လပ်စွာ သတင်းရယူလျက်ရှိပြီး ရန်ကုန်မြို့ အခြေစိုက် နိုင်ငံခြားသံရုံးများမှ သံတမန်များနှင့် ပြည်တွင်း ပြည်ပ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာ ရေးအဖွဲ့များကလည်း မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်စွာ ဆန္ဒမဲလာရောက်ပေးနေမှု အခြေအနေများကို စောင့်ကြည့်လေ့လာခဲ့ကြသည်။
ယခုကျင်းပသည့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ဖြစ်စေရန် မြန်မာအီလက်ထရောနစ်မဲပေးစက် (Myanmar Electronic Voting Machine - MEVM)ကို စတင်အသုံးပြုခဲ့ရာ ယခင်ရွေးကောက်ပွဲများတွင် စာရွက်ပေါ်အမှန်ခြစ်၍ မဲပေးရသည့်စနစ်ထက် ယခု မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးရသည်မှာ ပိုမိုလွယ်ကူ အဆင်ပြေကြ၍ မဲဆန္ဒရှင်ပြည်သူများ နှစ်ခြိုက်သဘောကျခဲ့ကြကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မဲရုံများတွင် မဲဆန္ဒရှင်ပြည်သူများ အဆင်ပြေချောမွေ့စွာဆန္ဒမဲပေး နိုင်ရန်လည်း သက်ဆိုင်ရာ မဲရုံမှူးများနှင့် အဖွဲ့ဝင်များ၊ ကြက်ခြေနီအသင်းအဖွဲ့များ၊ လူမှုရေးအသင်း အဖွဲ့များက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြသည်။
ညနေပိုင်းတွင် မဲရုံများ ပိတ်သိမ်းသည့်အခါ မဲရုံးမှူးများက မဲစာရင်းရလဒ်များကို စနစ်တကျ ရေတွက်မှတ်တမ်းတင်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၂၈ ရက်က ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၁) ကို ရန်ကုန်တိုင်းဒေသကြီးအတွင်း ကမာရွတ်၊ ကျောက်တံတား၊ တိုက်ကြီး၊ တွံတေး၊ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ ဗိုလ်တထောင်၊ မရမ်းကုန်း၊ မင်္ဂလာဒုံ၊ မှော်ဘီ၊ သင်္ဃန်းကျွန်း၊ သန်လျင်နှင့် အလုံမြို့နယ်တို့တွင် မဲရုံ ၁၃၁၃ ရုံ ဖွင့်လှစ်၍ လည်းကောင်း၊ အပိုင်း(၂)ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဗဟန်း၊ ပန်းဘဲတန်း၊ လသာ၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ဒေါပုံ၊ ပုဇွန်တောင်၊ လှိုင်၊ ရွှေပြည်သာ၊ ထန်းတပင်၊ လှည်းကူး၊ တောင်ဥက္ကလာပ၊ ကိုကိုးကျွန်း၊ ကြည့်မြင် တိုင်နှင့် အင်းစိန်မြို့နယ်တို့တွင် မဲရုံ ၁၁၇၁ ရုံ ဖွင့်လှစ် ၍လည်းကောင်း ကျင်းပခဲ့ကြသည်။
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း ၄၅ မြို့နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၄၉၃၈၈၂၃ ဦးရှိပြီး မဲရုံပေါင်း ၃၇၈၄ ရုံ ဖွင့်လှစ်ကာ နိုင်ငံရေးပါတီပေါင်း ၂၀ နှင့် တစ်သီးပုဂ္ဂလ ၄၆ ဦး စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ်လောင်း ၉၈၂ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


