နေပြည်တော် ဇန်နဝါရီ ၂၆

 

AI နည်းပညာ မိတ်ဆက်ခြင်းနှင့် စိုက်ပျိုးရေးကဏ္ဍတွင် လက်တွေ့အသုံးချနိုင်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာန၏ ဌာနတွင်း စွမ်းဆောင်ရည်မြှင့်သင်တန်းအဖြစ် AI Introduction and Basic Usage သင်တန်းကို ဇန်နဝါရီ တတိယပတ်က နေပြည်တော်ရုံးအမှတ် (၄၃)သင်တန်းခန်းမ၌ စတင်ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။

 

သီးနှံ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်ရာတွင် အဆင့်မြင့်နည်းပညာများအား အကျိုးရှိစွာ အသုံးပြုနိုင်ရေးကို စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါ ဉာဏ်ရည်တု နည်းပညာ (AI) ကို စိုက်ပျိုးရေးလုပ်ငန်းများ၊ သီးနှံထွက်ကုန်များ ရောင်းချဖြန့်ဖြူးရေးလုပ်ငန်းများ၌ တွင်ကျယ်စွာအသုံးပြုလျက်ရှိသကဲ့သို့ သီးနှံရောဂါနှင့် ဖျက်ပိုးများကို စူးစမ်းရှာဖွေဖော်ထုတ်ခြင်း၊ စိုက်ပျိုးရေစီမံခန့်ခွဲမှုစနစ် တည်ထောင်ခြင်း၊ သီးနှံရင့်မှည့်မှု ရှာဖွေဖော်ထုတ်ခြင်း၊ သီးနှံအရည်အသွေး ခွဲခြားခြင်းများနှင့် ဖြစ်ပေါ်လာနိုင်သည့် ဆုံးရှုံးမှုများကို ကြိုတင်ကာကွယ်နိုင်ခြင်း လုပ်ငန်းများ၌ ထိရောက်စွာ အသုံးပြုနိုင်စေရေး ကြိုးပမ်းသွားရန်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာ ဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိသည့် စိုက်ပျိုးရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ အနေဖြင့် ဉာဏ်ရည်တုနည်းပညာ(AI)ကို ရှေ့တန်းမှဦးဆောင်ကာ လယ်ယာကဏ္ဍ၌ စနစ်တကျ အသုံးချနိုင်ကြရန်နှင့် စိုက်ပျိုးရေးဆိုင်ရာ သတင်းအချက်အလက်များ၊ နည်းပညာများကို လွယ်လင့်တကူ ရှာဖွေလေ့လာပြီး တောင်သူများထံ လက်ဆင့်ကမ်း ပညာပေးနိုင်ကြစေရန် ယခုသင်တန်းကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

ဖွင့်လှစ်

AI နည်းပညာနှင့် စိုက်ပျိုးရေးကဏ္ဍကို ဆက်စပ်ချဲ့ထွင် လေ့လာအသုံးချခြင်းဖြင့် လက်တွေ့ ဆောင်ရွက်မှုလုပ်ငန်းစဉ်တွင် ကုန်ကျစရိတ်ကို လျှော့ချနိုင်ပြီး စိုက်ပျိုးထုတ်လုပ်မှု တိုးတက်လာစေရန်၊ သီးနှံအထွက်နှုန်းတိုးပြီး ထုတ်ကုန်အရည်အသွေး မြင့်မားလာစေရန် ရည်ရွယ်ဖွင့်လှစ်သော ယခုသင်တန်းတွင် စိုက်ပျိုးရေး ဦးစီးဌာနအောက်ရှိ ဌာနခွဲများနှင့် နေပြည်တော်ကောင်စီနယ်မြေ အရာထမ်း၊ အမှုထမ်း ၃၂ ဦးတို့က တက်ရောက်လေ့လာခဲ့ကြပြီး အွန်လိုင်းစနစ်ဖြင့် တိုင်းဒေသကြီး/ ပြည်နယ်များမှ အရာထမ်း၊ အမှုထမ်းများကို သင်တန်းအပတ်စဉ်အလိုက် ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်