မြစ်ကြီးနား ဇန်နဝါရီ ၂၆

 

ကချင်ပြည်နယ်အစိုးရအဖွဲ့ ရုံးဝင်းအတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း/အမှုထမ်းဝန်ထမ်းများနှင့် တွဲဖက်တာဝန် ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများအား အခြေခံစားသောက်ကုန်များ ပေးအပ်ပွဲကို ယနေ့နံနက် ၈ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတို့က ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ကချင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အရာထမ်း/ အမှုထမ်း ဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ စုစုပေါင်း ၃၁၅ ဦးတို့အတွက် တစ်ဦးလျှင် ဆန်ရှစ်ပြည်ပါ တစ်အိတ်စီ၊ ဆီ တစ်ပိဿာစီဖြင့် စုစုပေါင်းငွေကျပ် ၁၂၂၈၅၀၀၀ တန်ဖိုးရှိ ဆန်နှင့်ဆီဘူးများကို ပေးအပ်ရာ ဝန်ထမ်းများကိုယ်စား လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းဝင်းစိုးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

 

ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ‌စိုက်ပျိုးရေးသိပ္ပံ (မြစ်ကြီးနား) သို့ သွားရောက်၍ ဧရာမြစ်ဆုံခန်းမ၌ ပြည်နယ်စက်မှုလယ်ယာ ဦးစီးဌာနက ကြီးမှူးကျင်းပသည့် လယ်ယာသုံး စက်ကိရိယာ ကိုင်တွယ်မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ) သင်တန်းဖွင့်ပွဲသို့ တက်ရောက်သည်။

 

အဆိုပါ သင်တန်းဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး စက်မှုလယ်ယာဦးစီးဌာန ပြည်နယ်ဦးစီးမှူးက ရည်ရွယ်ချက်များနှင့် သင်တန်းတွင် ဖွင့်လှစ်သင်ကြားသွားမည့် ဘာသာရပ်များကို ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းဖွင့်လှစ်သင်ကြားနိုင်ရေးအတွက် သင်ထောက်ကူ ပစ္စည်းများနှင့် သင်တန်းအတွက် ချီးမြှင့်ထောက်ပံ့ငွေများပေးအပ်ပြီး ခန်းမအပြင်ဘက်၌ သင်တန်းတွင် စာတွေ့၊ လက်တွေ့ ဖွင့်လှစ်သင်ကြားမည့် ရိတ်သိမ်းခြွေလှေ့စက်၊ ထွန်စက်ကြီးများ၊ ရှစ်တန်းသွား ကောက်စိုက်စက်နှင့် လက်တွန်းထွန်စက်များကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)