နေပြည်တော် ဇန်နဝါရီ ၂၆
ဒီမိုကရေစီစနစ်တွင် ရွေးကောက်ပွဲသည် အရေးအကြီးဆုံးဖြစ်ပြီး မဲဆန္ဒရှင်ပြည်သူများ အနေဖြင့် မိမိတို့၏ နိုင်ငံသားအခွင့်အရေးဖြစ်သည့် မဲပေးပိုင်ခွင့်ကို အသုံးချပြီး နိုင်ငံ၏ အနာဂတ်လမ်းကြောင်းကို ရွေးချယ်ဆုံးဖြတ်ရမည်ဖြစ်သည်။ သို့ဖြစ်၍ ပြည်သူတစ်ရပ်လုံး လိုလားတောင့်တသည့် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်စွာကျင့်သုံးနိုင်ရေးအတွက် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှု၊ ပြည်သူလူထု၏ လိုက်ပါဆောင်ရွက်မှုတို့ဖြင့် အပိုင်းလိုက် ကျင်းပဆောင်ရွက်ပေးခဲ့ရာ အကြမ်းဖက် အဖျက်သမားသောင်းကျန်းသူ အုပ်စုများ၏ အဖျက်အမှောင့်လုပ်ရပ်များ အကြားမှ အောင်မြင်စွာကျင်းပ ပြုလုပ်ပြီးစီးခဲ့ပြီဖြစ်သည်။
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁) ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် မြို့နယ် ၁၀၂ မြို့နယ်၌လည်းကောင်း၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၂) ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်တွင် မြို့နယ် ၁၀၀ ၌ လည်းကောင်း၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင် မြို့နယ် ၆၁ မြို့နယ်၌ လည်းကောင်း ကျင်းပခဲ့ရာ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် နံနက် ၆ နာရီမှ မဲရုံပိတ်သိမ်းသည်အထိ မည်သည့်ဖိအားတစ်စုံတစ်ရာမျှ မပါရှိဘဲ မိမိတို့၏ လွတ်လပ်သည့် သဘောထားဆန္ဒများအလျောက် တက်တက်ကြွကြွ စည်းကမ်းရှိရှိ နိုင်ငံကြီးသားပီသစွာ နိုင်ငံသားတစ်ယောက်၏ တာဝန်ကျေပွန်စွာဖြင့် ဆန္ဒမဲများ ပေးခဲ့ကြသည်ကို အားလုံးတွေ့မြင်ခဲ့ကြပြီးဖြစ်သည်။
ထိုကဲ့သို့ နိုင်ငံတော်အစိုးရနှင့် ပြည်သူလူထုက ဒီမိုကရေစီလမ်းကြောင်းကိုရွေးချယ်နေချိန်တွင် အကြမ်းဖက်အဖျက်သမား သောင်းကျန်းသူအုပ်စုများအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို နှောင့်ယှက်ဖျက်ဆီးရေး၊ အစိုးရနှင့် ပြည်သူတို့၏ လက်တွဲညီစွာ ကြိုးပမ်းဆောင်ရွက်မှုများကို မလိုလားဘဲ ပြည်သူလူထု၏ လူမှုစီးပွားဘဝကို ပျက်စီးစေပြီး ရွေးကောက်ပွဲ အထမမြောက်စေရေး၊ အေးချမ်းစွာ ဆန္ဒမဲပေးမှုများ ဆောင်ရွက်နေကြသည့် မဲဆန္ဒရှင်ပြည်သူများ အထိတ်တလန့်ဖြစ်စေရေးစသည့် ယုတ်မာရိုင်းစိုင်းသော ရည်ရွယ်ချက်များဖြင့် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်းပြုလုပ်ခြင်း၊ ခြိမ်းခြောက်စာများပို့ခြင်း၊ အဝေးမှ လက်လုပ်လက်နက်ကြီးများ၊ လက်လုပ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်နှောင့်ယှက်ခြင်း၊ အသံမိုင်းများဖောက်ခွဲပြခြင်း၊ ဒရုန်းများဖြင့် Drop Bomb ချခြင်း၊ Fixed Wing ဖြင့်ပစ်ခတ်ခြင်း၊ မဲရုံသို့ လာရောက်ရန် ကြို/ ပို့ ယာဉ်များကို တားဆီးခြိမ်းခြောက်ခြင်း၊ ပြည်ဖျက် ပြည်ပြေး မီဒီယာများမှတစ်ဆင့် မမှန်မကန် ဝါဒဖြန့် လုပ်ကြံရေးသားဖြန့်ဝေခြင်းများကိုလည်း လုပ်ဆောင်ခဲ့ကြသည်။
ထို့ပြင် အကြမ်းဖက်အဖျက် သမားသောင်းကျန်းသူအုပ်စုများအနေဖြင့် ၂၀၂၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အကြိုကာလများတွင်လည်း ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များကို ထိခိုက်ပျက်စီးအောင် နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းများကို လုပ်ဆောင်ခဲ့ရာ မြို့နယ်ပေါင်း ၄၁ မြို့နယ်တွင် အများပြည်သူဆိုင်ရာနေရာများ၌ မဟုတ်မမှန် ဝါဒဖြန့်စာစောင်များ ဖြန့်ဝေခြင်း၊ ကပ်ထားခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်း၊ လှုံ့ဆော်စာရေးသားခြင်း၊ ရုပ်ပုံပိုစတာများချိတ်ဆွဲခြင်း၊ မဲမပေးရန် လှုံ့ဆော်အော်ဟစ်ပြောဆိုခြင်း/ ဆဲဆိုခြင်း၊ မဲမပေး ရန်လှုံ့ဆော်သည့် Sound Box/ Speaker များဖွင့်ခြင်း၊ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အသိပညာပေးဆိုင်းဘုတ်၊ ပိုစတာများကို ရိုက်ချိုးခြင်း၊ လှဲချခြင်း၊ မီးရှို့ခြင်းများ ၂၃ ကြိမ်၊ မဲရုံလုံခြုံရေး တပ်ဖွဲ့ဝင်များအား နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်ခြင်း လေးကြိမ်၊ Drop Bomb ချ တိုက်ခိုက်ခြင်း ခြောက်ကြိမ်၊ လက်လုပ်အသံမိုင်းခွဲ နှောင့်ယှက်ခြင်း နှစ်ကြိမ်၊ လက်ပစ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခြင်း ခြောက်ကြိမ်၊ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း သုံးကြိမ်၊ ရွေးကောက်ပွဲတာဝန်ခံဌာနဆိုင်ရာ အစိုးရဝန်ထမ်းများ၊ ရွေးကောက်ခံပါတီအဖွဲ့ဝင်များအား လက်နက်ကိုင်ခြိမ်းခြောက်ခြင်း သုံးကြိမ်၊ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခြောက်ကြိမ် စုစုပေါင်း ၅၄ ကြိမ် နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းများကို လုပ်ဆောင်ခဲ့ကြသည်။
ဆက်လက်၍လည်း အကြမ်းဖက်အဖျက်သမားသောင်းကျန်းသူအုပ်စုများသည် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁) ကျင်းပခဲ့သည့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရွှေညောင်ပင်ရပ်ကွက် အမှတ် (၁၁) အခြေခံပညာအထက်တန်းကျောင်းရှိ မဲရုံအမှတ် (၈၂) ၌ လက်လုပ်အသံမိုင်းဖောက်ခွဲခြင်း၊ ကယားပြည်နယ် လွိုင်ကော်မြို့ ရွှေတောင်ရပ်ကွက်နှင့် မင်္ဂလာရပ်ကွက်အတွင်းသို့ ၁၀၇ မမ လက်လုပ် ဗုံးသီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ ကရင်ပြည်နယ် မြဝတီမြို့ အမှတ် (၃) ရပ်ကွက်ရှိ ကမ္ဘောဇဘဏ်အနီးနှင့် အမှတ် (၅) ရပ်ကွက်ရှိ မြန်မာ-ထိုင်းချစ်ကြည်ရေး အမှတ် (၂) တံတားအနီးတို့၌ ဒေသန္တရလက်လုပ်မိုင်းများ ဖောက်ခွဲခြင်း၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအား Fixed Wing ဖြင့် ပစ်ခတ်ခြင်း၊ ခမောက်ကြီးမြို့၊ အောင်ချမ်းသာကျေးရွာအုပ်စု ယုဇနဆီအုန်းကုမ္ပဏီ၊ မာရမ်းပျိုးခြံမှ ဆန္ဒမဲပေးရန် မဲရုံသို့ သွားရောက်သည့် ဆီအုန်းခြံလုပ်သား ၁၇၀ အားတားဆီးခြင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့ အမှတ် (၃) ရပ်ကွက်ရှိ မဲရုံအမှတ် (၂) အနီးသို့ Drop Bomb ချတိုက်ခိုက်ခြင်း၊ စစ်ကိုင်းမြို့၊ တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်သို့ လက်လုပ်ရှော့တိုက်ဒုံး ခြောက်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ တမူးမြို့ စော်ဘွား (၁) ရပ်ကွက် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းရှိ မဲရုံအမှတ် (၃) အနီးသို့ Drop Bomb ချ တိုက်ခိုက်ခြင်း၊ ကသာမြို့ မြောက်ဘက်နှင့် တောင်ဘက်မှ လက်နက်ငယ်၊ လက်နက်ကြီးများဖြင့် နှောင့်ယှက်ပစ်ခတ်ခြင်း၊ မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် နန်းတော်ကျွန်းကျေးရွာအတွင်းနှင့် အောင်မြေသာဇံမြို့နယ်အတွင်းတို့သို့ ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ မြင်းခြံမြို့ ထွေ/ အုပ်ရုံးအနီး၊ တရားရုံးအနီးနှင့် ဗဟိုအကျဉ်းထောင်ကြား လမ်းအနီးတို့သို့ Drop Bomb ချ တိုက်ခိုက်ခြင်း၊ ညောင်ဦးမြို့နယ် ဇုန်အမှတ် (၉) မဲရုံအမှတ် (၆၄) အခြေခံပညာမူလတန်းကျောင်း (ပြွန်) စာသင်ကျောင်းအနီးသို့ လက်နက်ငယ်များဖြင့် လာရောက်နှောင့်ယှက် ပစ်ခတ်တိုက်ခိုက်ခြင်းစသည့် အကြမ်းဖက် အဖျက်အမှောင့်လုပ်ရပ်များကို ဒီဇင်ဘာ ၂၇ ရက် ညနေမှ ၂၈ ရက် ညနေပိုင်းအထိ အပိုင်း (၁) မဲဆန္ဒနယ် ၁၀၂ မြို့နယ်အနက် မြို့နယ် ၁၁ ခုတို့၌ နှောင့်ယှက်မှုများပြုလုပ်ခဲ့ကြရာ ပြည်သူ ငါးဦးခန့် အနည်းငယ်ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
အလားတူ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) ကျင်းပသည့် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်တွင် အကြမ်းဖက် သောင်းကျန်းသူ အဖျက်သမားအုပ်စုသည် ကယားပြည်နယ် ဖရူဆိုမြို့အတွင်းသို့ Drone များ အသုံးပြု၍ Drop Bomb ချ တိုက်ခိုက်ခြင်း၊ တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ် ကမ်းကြီးအုပ်စု တောင်သုံးလုံးကျေးရွာ၏ ကျေးရွာအုပ်ချုပ်ရေးမှူး နေအိမ်အား မီးရှို့ဖျက်ဆီးခြင်း၊ မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့၊ ဆိပ်ဖြူမြို့၊ စလင်းမြို့နှင့် ကံမမြို့တို့ အတွင်းသို့ Fixed Wing များ၊ ရှော့တိုက်ဒုံးများ၊ Drop Bomb များ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့ ဘုတလင်မြို့နှင့် မြင်းမူမြို့တို့အတွင်းသို့ လက်လုပ်ရှော့တိုက်ဒုံးများ၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ ပဲခူးတိုင်းဒေသကြီး ထန်းတပင်မြို့အတွင်းသို့ Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို အပိုင်း (၂) မဲဆန္ဒနယ် ၁၀၀ အနက် ၁၀ မြို့နယ်တို့၌ လုပ်ဆောင်ခဲ့ကြရာ သစ္စာရှိနိုင်ငံ့ဝန်ထမ်းနှစ်ဦး သေဆုံးခဲ့ပြီး ဝန်ထမ်းနှစ်ဦးနှင့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
အလားတူ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကျင်းပသည့် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင် အကြမ်းဖက်အဖျက်သမား သောင်းကျန်းသူအုပ်စုသည် ကချင်ပြည်နယ် ဖားကန့်မြို့ရှိ အိုးအိမ်အိမ်ရာနှင့် နန့်ယားရွာလယ်တံတားနေရာများသို့ ၆၀ မမ စိန်ပြောင်းများ၊ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ တနင်္သာရီတိုင်းဒေသကြီး လောင်းလုံးမြို့ မြို့မရဲစခန်းအား Drone များ အသုံးပြု၍ Drop Bomb ချတိုက်ခိုက်ခြင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နှင့် ဆားလင်းကြီးမြို့များအတွင်းသို့ Drop Bomb များ၊ လက်လုပ်စိန်ပြောင်းများ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ်အတွင်းရှိ မင်းကန်ဓာတ်ငွေ့ပိုက်လိုင်းနေရာ ရုံးစည်ကြီးကျေးရွာ၊ မလှိုင်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း (ထန်းတော)၊ မြင်းခြံမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ အဆောက်အအုံများနှင့် လယ်သစ်ကျေးရွာတို့အား Drop Bomb ချတိုက်ခိုက်ခြင်း၊ FPV Suicide Drone များဖြင့် တိုက်ခိုက်ခြင်း၊ အသံမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ညောင်ပင်သာကျေးရွာ၊ ကျောက်တံခါးမြို့နယ် သမင်အင်းကုန်းကျေးရွာ၊ ဇေယျဝတီမြို့နယ် ညောင်ခြေထောက်ကျေးရွာနှင့် ရေတာရှည်မြို့နယ် တို့အား Drop Bomb ချတိုက်ခိုက် ခြင်း၊ အသံမိုင်းများဖြင့် ဖောက်ခွဲ တိုက်ခိုက်ခြင်း၊ လက်နက်ငယ်များ ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်း စသည့်အကြမ်း ဖက်လုပ်ရပ်များကို အပိုင်း(၃) မဲဆန္ဒနယ် ၆၁ မြို့နယ်အနက် ၁၁ မြို့နယ်တို့၌ လုပ်ဆောင်ခဲ့ကြရာ အပြစ်မဲ့အရပ်သားပြည်သူ တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
အကြမ်းဖက်အဖျက်သမား သောင်းကျန်းသူအုပ်စုများအနေဖြင့် ပြည်သူလူထုက လိုလားတောင့်တနေသည့် ပါတီစုံဒီမိုကရေစီစနစ်ကို ဦးတည်သည့် လမ်းကြောင်းဖြစ်သော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲလုပ်ငန်းစဉ်များ အောင်မြင်မှုမရှိစေရေး၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုမရှိစေရေး၊ အစိုးရနှင့် ပြည်သူလက်တွဲ၍ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ် များ ဆောင်ရွက်နေမှုတို့ကို နှောင့်နှေးစေရေးနှင့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များ ထိခိုက်ပျက်စီးစေရန်အတွက် ရွေးကောက်ပွဲအကြိုကာလများမှစတင်၍ နည်းမျိုးစုံဖြင့် အဖျက်အမှောင့်လုပ်ငန်းများကို ဖန်တီးလုပ်ဆောင်ခဲ့ကြသော်လည်း ပြည်သူလူထုဘဝ တည်ငြိမ်အေးချမ်းရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို ဦးတည်ဆောင်ရွက်ပေးလျက်ရှိသော နိုင်ငံ တော်အစိုးရ၏ စေတနာနှင့် ရည်ရွယ်ချက်များကို နားလည်သဘောပေါက်စွာဖြင့် ပြည်သူ အများစုက မိမိတို့ကြိုက်နှစ်သက် ရာ ပါတီကိုယ်စားလှယ်လောင်း များအား ရွေးချယ်မဲပေးခဲ့ကြသည် ကို တွေ့ရှိရသည်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက် တွင် စတင်ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသည့် မဲဆန္ဒရှင်စုစုပေါင်း ၂၄ ဒသမ ၂၂ သန်းရှိပြီး နိုင်ငံရေးပါတီများအနေဖြင့် ပြည်ထောင်စု တစ်ဝန်းလုံးတွင် ယှဉ်ပြိုင်ကြမည့် ပါတီခြောက်ပါတီနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခုအတွင်း ယှဉ်ပြိုင်မည့် ပါတီ ၅၁ ပါတီ စုစုပေါင်း ၅၇ ပါတီဖြင့် ရွေးကောက်ပွဲကျင်းပရန် မြို့နယ်ပေါင်း ၃၃၀ အနက် ၂၆၃ မြို့နယ်တွင် ရွေးကောက်ပွဲကို နိုင်ငံတကာမှ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူများ၊ သံတမန်များ၊ သတင်းမီဒီယာများနှင့် စိတ်အားထက်သန်စွာ ကိုယ်တိုင်မဲပေးခဲ့ကြသည့် မဲဆန္ဒရှင်ပြည်သူများ၏ ရှေ့မှောက်တွင် လွတ်လပ်မှု၊ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှု ရှိစွာဖြင့် အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။
ထို့ကြောင့် ပါတီစုံဒီမိုကရေစီစနစ်ကို သိမ်မွေ့သောနည်းလမ်းဖြင့် ဆက်လက်လျှောက်လှမ်းနိုင်ရေးအတွက် ဒီမိုကရေစီစနစ်ကို ထောက်ခံကြိုဆိုကြသည့် နိုင်ငံတော်အေးချမ်းသာယာမှုနှင့် ပြည်သူလူထု၏ လူမှုဘဝတိုးတက်မြင့်မားမှုကို လိုလားကြသည့် တာဝန်သိပြည်သူများအနေဖြင့် ပါတီစုံဒီမိုကရေစီစနစ် အောင်မြင်စေရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဆက်လက်ပူးပေါင်းဆောင်ရွက်ပေးကြရန်နှင့် အကြမ်းဖက်သမားများ၏ လှုပ်ရှားမှုသတင်းများနှင့် သံသယဖြစ်ဖွယ်ရာများကို တွေ့ရှိပါက သက်ဆိုင်ရာတာဝန်ရှိသူ များထံသို့ အချိန်နှင့်တစ်ပြေးညီ ဆက်သွယ်သတင်းပေးပို့နိုင်ပါရန် တိုက်တွန်းသတင်းထုတ်ပြန်ထားကြောင်း သိရသည်။
သတင်းစဉ်


