နေပြည်တော် ဇန်နဝါရီ ၂၆ 

 

မြန်မာနိုင်ငံအစိုးရအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံအတွင်း အွန်လိုင်းလိမ်လည် လောင်းကစားမှုများတွင် အကြောင်းအမျိုးမျိုးကြောင့် ပါဝင်ပတ်သက်ခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ ကိုယ်တိုင်လာရောက်သတင်းပို့သည့် မြန်မာနိုင်ငံသားများနှင့် ကမ္ဘောဒီးယားနိုင်ငံမှ ရဲတပ်ဖွဲ့များနှင့် သက်ဆိုင်ရာဌာနများက လွှဲပြောင်းပေးအပ်ခဲ့သည့် မြန်မာနိုင်ငံသားများကို မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းခေါ်ယူသည့် လုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်လည်း မြန်မာသံရုံးသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသား ၁၆၃ ဦးကို တပ်မတော်လေယာဉ်ဖြင့် တတိယအသုတ်အဖြစ် ထပ်မံ၍ ပြန်လည်ခေါ်ဆောင်ပေးခဲ့ကြောင်း သိရသည်။ 

 

ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများကို ဇန်နဝါရီ ၂၆ ရက်တွင် တတိယအသုတ်အဖြစ် ထပ်မံခေါ်ဆောင်ပေးရာ ယနေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံသား ၇၁ ဦးကို တပ်မတော်လေယာဉ်ဖြင့် မြိတ်မြို့သို့လည်းကောင်း၊ ညနေပိုင်းတွင် ထပ်မံ၍ မြန်မာနိုင်ငံသား ၉၂ ဦးကို တပ်မတော်လေယာဉ်ဖြင့် မြိတ်မြို့သို့လည်းကောင်း အသီးသီး ပြန်လည်ခေါ်ဆောင် ရောက်ရှိခဲ့ကြောင်း သိရသည်။

 

နိုင်ငံတော် အစိုးရအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံ မြန်မာသံရုံးသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအနက် ပထမအသုတ်အနေဖြင့် မြန်မာနိုင်ငံသား ၁၃၆ ဦးကို ဇန်နဝါရီ ၂၃ ရက်တွင် မြန်မာ့လေကြောင်းလိုင်း (MAI) ဖြင့် မြန်မာနိုင်ငံ မန္တလေးမြို့ရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့လည်းကောင်း၊ ဒုတိယအသုတ်အနေဖြင့် ၄၃၀ ကို ဇန်နဝါရီ ၂၅ ရက်တွင် မြန်မာ့လေကြောင်းလိုင်း (MAI) နှင့် တပ်မတော်လေယာဉ်များဖြင့် မန္တလေးမြို့ရှိ အပြည်ပြည် ဆိုင်ရာလေဆိပ်နှင့် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့သို့လည်းကောင်း၊ တတိယအသုတ်အနေဖြင့် ၁၆၃ ဦးကို ယနေ့တွင် တပ်မတော် လေယာဉ်များဖြင့် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့သို့လည်းကောင်း ပြန်လည်ခေါ်ဆောင်ရောက်ရှိခဲ့ရာ ယနေ့အထိ မြန်မာနိုင်ငံသား ၇၂၉ ဦး ပြန်လည်ရောက်ရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

ယနေ့တွင် ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်ကျော်ဟန်နှင့် တာဝန်ရှိသူများ၊ မြိတ်ခရိုင်/ မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများက သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။ 

 

အဆိုပါ ကမ္ဘောဒီးယားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား သက်ဆိုင်ရာ တာဝန်ရှိသူများက လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူခြင်းလုပ်ငန်းများ၊ လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်ကာ လုပ်ထုံးလုပ်နည်းများနှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 

 

မြန်မာနိုင်ငံ အစိုးရအနေဖြင့်လည်း နိုင်ငံတကာနှင့် တစ်ကမ္ဘာလုံးကို  အန္တရာယ်ပေးနေသည့် အွန်လိုင်းလိမ်လည်မှုများနှင့် အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထားဆောင်ရွက်၍ အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိနေသည့် နိုင်ငံခြားသားများကိုလည်း လူသားချင်းစာနာ ထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ တရားဥပဒေနှင့်အညီ စစ်ဆေးကာ ပါဝင်ပတ်သက်သူများကို သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးခြင်းနှင့် အဓိကပြစ်မှုကျူးလွန်ခဲ့သူများကိုလည်း ဖမ်းဆီးထိန်းသိမ်းပြီး သက်ဆိုင်ရာအစိုးရအဖွဲ့ထံ တရားဝင်လွှဲပြောင်းပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

 

သတင်းစဉ်