မော်လမြိုင် ဇန်နဝါရီ ၂၇
ဂမ်ဘီယာနိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ အမှုနှင့်ပတ်သက်၍ ကြားနာပွဲ (Oral Hearing) ကို ဇန်နဝါရီ ၁၂ ရက်မှ ၂၉ ရက်အထိ နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာ တရားရုံး၌ ပြုလုပ်လျက်ရှိပြီး နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးတို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့က တရားမျှတမှုနှင့် အမှန်တရားကို လက်ကိုင်ထား၍ မြန်မာနိုင်ငံအတွက် ခုခံချေပလျှောက်လဲလျက်ရှိရာ မြန်မာကိုယ်စားလှယ်အဖွဲ့အား မွန်ပြည်နယ်အတွင်းရှိ တိုင်းရင်းသား ပြည်သူအပေါင်းက ကြိုဆိုထောက်ခံပွဲကို ယနေ့မွန်းလွဲပိုင်းတွင် မော်လမြိုင်မြို့၌ ပြုလုပ်သည်။
ဦးစွာ တိုင်းရင်းသားပြည်သူများက နိုင်ငံတော်အလံများ ကိုင်ဆောင်ကာ မော်လမြိုင်မြို့ ပြည်နယ်ခန်းမမှ မြစ်ကမ်းသာကစားကွင်းအထိ ကမ်းနားလမ်း တစ်လျှောက် စီတန်းချီတက်ပြီး ကြိုဆိုထောက်ခံကြသည်။
ထို့နောက် မြစ်ကမ်းသာကစားကွင်း၌ ပြည်သူများက နိုင်ငံတော်အလံအား အလေးပြု၍ နိုင်ငံတော်သီချင်း သံပြိုင်သီဆိုကြသည်။
ယင်းနောက် ဆရာတော် ဦးတေဇဝံသနှင့် ဦးဇော်ဟိန်းတို့က မိမိတို့ နိုင်ငံတော်အပေါ် မတရား စွပ်စွဲလုပ်ဆောင်မှုများကို တရားဥပဒေနှင့်အညီ ယုံကြည်မှုအခြေခံ၍ ပြတ်ပြတ်သားသား ရင်ဆိုင် ဖြေရှင်းနေခြင်းကို အပြည့်အဝ ကြိုဆိုထောက်ခံပါကြောင်း၊ ယင်းကဲ့သို့ ဆောင်ရွက်မှုသည် မြန်မာနိုင်ငံ၏ ပကတိဖြစ်စဉ်အမှန်များကို ပုံဖော် ပြသနေခြင်းဖြစ်ပြီး မြန်မာနိုင်ငံအပေါ် နိုင်ငံတကာက သိရှိနားလည်သွားစေရန်နှင့် ယုံကြည်မှုရှိလာစေ ရေးအတွက်လည်း အရေးပါသော အချက်တစ်ခုပင် ဖြစ်ကြောင်း၊ နိုင်ငံတော်၏ကိုယ်စား ICJ သို့ သွားရောက်၍ မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာ၊ အချုပ်အခြာအာဏာ၊ အကျိုးစီးပွားနှင့် သက်ဆိုင်သော ကိစ္စရပ်များအတွက် ရင်ဆိုင်ဖြေရှင်းနေသော မြန်မာကိုယ်စားလှယ်အဖွဲ့၏ ကြိုးပမ်းဆောင်ရွက်မှုများကို အလေးအနက် ကြိုဆိုထောက်ခံ ဂုဏ်ပြုမှတ်တမ်း တင်အပ်ပါကြောင်းနှင့် နိုင်ငံတော်၏ မူဝါဒသဘောထားများနှင့် တစ်သားတည်း ရပ်တည်လျက်ရှိနေကြောင်းတို့ကို ပြောကြားခဲ့ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)


