မန္တလေး ဇန်နဝါရီ ၂၇
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက ကြီးမှူးကျင်းပသည့် (၂၂)ကြိမ်မြောက် မြို့တော်ဝန်ဖလား ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန် ပြပွဲပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၂ ရက် (ပြည်ထောင်စုနေ့)မှ ၁၄ ရက်အထိ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ဆင်ဖြူကန်ကွင်းအရှေ့ဘက်ခြမ်းရှိ မြမာလာဥယျာဉ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။
မြို့တော်ဝန်ဖလား ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန် ပြပွဲပြိုင်ပွဲနှင့်အတူ မြမာလာဥယျာဉ်အတွင်း၌ မြို့တော်သူ မြို့တော်သားများ လာရောက်အပန်းဖြေနိုင်ရန် သစ်သီးဝလံ ပန်းမန်ကိုယ်စားပြု ပုံဖော်ထားသည့် အလှဆင်ပန်းဝိုင်းကြီးသုံးခု ပြုလုပ်ထားမည်ဖြစ်ပြီး အလှဓာတ်ပုံရိုက်ရန် နေရာများလည်း ပြင်ဆင်ပေးထားမည်ဖြစ်သည်။
အဆိုပါပြပွဲတွင် ဌာနဆိုင်ရာ ပြခန်း ၁၆ ခန်း၊ အရောင်းပြခန်း ခုနစ်ခန်း၊ ပျိုးပင်အရောင်းဆိုင် ၁၈ ဆိုင် ပါဝင်မည်ဖြစ်ပြီး ပွဲတော်ကာလအတွင်း လာရောက်လေ့လာ လည်ပတ်သည့် ပြည်သူများအား ပျိုးပင်များလက်ဆောင်ပေးမည့် အစီအစဉ်များလည်း ပါဝင်မည်ဖြစ်သည်။
မြို့တော်ဝန်ဖလား ဟင်းသီး ဟင်းရွက်နှင့် သစ်သီးဝလံပန်းမန် ပြပွဲပြိုင်ပွဲကို ရည်ရွယ်ချက်ငါးရပ်ဖြင့် နှစ်စဉ်ကျင်းပလျက်ရှိပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များက ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ ပန်းမန်လုပ်ငန်းရှင်များ ဝင်ရောက်ယှဉ်ပြိုင်နိုင်ကြောင်း သိရသည်။
ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်ပြိုင်ပွဲကို အမျိုးအစားအလိုက် ကျင်းပသွားမည်ဖြစ်ကာ ပြိုင်ပွဲဝင်များအနေဖြင့် ဖေဖော်ဝါရီ ၁၀ မှ ၁၁ ရက်အထိ နံနက် ၉ နာရီ မှ ညနေ ၅ နာရီအတွင်း ပြိုင်ပွဲဝင် ပစ္စည်းများကို မြမာလာဥယျာဉ်အတွင်းရှိ ကွပ်ကဲရေးရုံးသို့ ပေးပို့ရမည်ဖြစ်သည်။ ဆုများထိုက်တန်စွာ ချီးမြှင့်သွားမည်ဖြစ်ပြီး ဆုအများဆုံးရရှိသည့် ပြိုင်ပွဲဝင်အား တံခွန်စိုက်ဆု ချီးမြှင့်သွားမည်ဖြစ်ရာ အသေးစိတ်သိရှိလိုပါက ပန်းဥယျာဉ်နှင့် ကစားကွင်းများ ဌာနဖုန်း ၀၉-၂၀၁၉၃၉၅ သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)


