NCA သဘောတူညီချက်များကို လက်တွေ့အသုံးချ အကောင်အထည်ဖော်ဆောင်ရွက်သွားကြရမည်

ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် နိုင်ငံတည်ဆောက်ရေးလုပ်ငန်းစဉ်များတွင် လူငယ်များပါဝင်မှုကို မြှင့်တင်ပေး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး(၁/၂၀၂၆) ကျင်းပ

နေပြည်တော် ဇန်နဝါရီ  ၂၇

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး (၁/၂၀၂၆)ကို ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ရုံးအမှတ်(၁၈) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော တက်ရောက်အမှာစကားပြောကြား သည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၆/၂၀၂၅) မှတ်တမ်းကို အတည်ပြုခြင်းဆောင်ရွက်သည်။

ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြား ရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် စစ်မှန်ပြီး စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ပြည်သူလူထု၏ ဆန္ဒနှင့်အညီ လျှောက်လှမ်းနိုင်ရေး ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီးဖြစ်ကြောင်းနှင့် ထွက်ပေါ်လာမည့် အစိုးရ အသစ်ကို နိုင်ငံ့တာဝန်များလွှဲပြောင်းပေးအပ်ပြီး ၎င်းတို့၏တာဝန်များ ကို အကောင်းဆုံးဖြစ်အောင် ထမ်းဆောင်နိုင်ရေး ဆက်လက် ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ နိုင်ငံတော် အကြီးအကဲအနေဖြင့် မန္တလေးတိုင်းဒေသကြီး ခရီးစဉ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)၌ ပါဝင် ဆန္ဒမဲပေးနေကြသည့် မဲဆန္ဒရှင် ပြည်သူများအား လိုက်လံကြည့်ရှု အားပေးခဲ့ကြောင်း၊ ထိုသို့ကြည့်ရှု အားပေးရာတွင် ပြည်သူလူထုမှ လွတ်လပ်စွာ မိမိတို့သဘောဆန္ဒ များအလျောက် စည်းကမ်းရှိပြီး နိုင်ငံကြီးသားပီသစွာ လိုလိုလားလားဖြင့် လာရောက်ဆန္ဒမဲ ပေးကြသည်ကို တွေ့ရမြင်ရကြောင်း၊ ထိုသို့ဆောင်ရွက်မှုများမှာ ပြည်သူလူထုမှ အစိုးရအပေါ် လိုလားလက်ခံသည့် အပြုအမူများဖြစ်သည့်အတွက် အစိုးရအဖွဲ့အနေဖြင့်လည်း နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများကို အကောင်းဆုံးဖြစ်အောင် အကောင်အထည်ဖော် ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း။

ပြည့်စုံမှန်ကန်သည့်ရလဒ်များ ဖြစ်ပေါ်စေခဲ့

နိုင်ငံတကာ စောင့်ကြည့်လေ့လာရေး အဖွဲ့များကလည်း ယခုရွေးကောက်ပွဲတွင် ပြည်သူ လူထုအနေဖြင့် ၎င်းတို့၏ မဲပေးပိုင်ခွင့်ကို အနှောင့်အယှက် တစ်စုံတစ်ရာမရှိဘဲ မဲပေးခဲ့ကြသည်ကို တွေ့ရှိရကြောင်း၊ မဲရုံဝန်ထမ်းများ အနေဖြင့် သတ်မှတ်ထားသည့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ မဲပေးခြင်း၊ မဲရေတွက်ခြင်းတို့ကို ပြုလုပ်နိုင်ခဲ့သည့်အတွက် ရွေးကောက်ပွဲ လုပ်ငန်းစဉ်တစ်ခုလုံး သမာသမတ်ကျစွာနှင့် ပွင့်လင်းမြင်သာမှုရှိစွာ ဖော်ဆောင်နိုင်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ မြန်မာအီလက်ထရောနစ် မဲပေးစက်များကို အသုံးပြုခဲ့သည့်အတွက် မဲပေးခြင်း၊ မဲရေတွက်ခြင်း လုပ်ငန်းစဉ်များကို ပိုမို လျင်မြန်စေပြီး ပြည့်စုံမှန်ကန်သည့်ရလဒ်များ ဖြစ်ပေါ်စေခဲ့သည်ကို တွေ့ရှိရကြောင်း၊ ပြည့်စုံ ကောင်းမွန်သည့် လုံခြုံရေး ဆောင်ရွက်ထားမှုများကြောင့် မဲဆန္ဒရှင်များ၊ မဲရုံတာဝန် ထမ်းဆောင်သူများနှင့် အခြား သက်ဆိုင်သူများအားလုံး လုံခြုံစိတ်ချစွာဖြင့် လုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရှိရသည်ဟု သဘောထားမှတ်ချက်များ ပြုခဲ့ကြသည်ကို တွေ့ရှိရသဖြင့် လွတ်လပ်၍ တရားမျှတသော ဂုဏ်သိက္ခာရှိသည့် ရွေးကောက်ပွဲ ဖြစ်သည်ကို တွေ့ရှိရကြောင်း။ 

မိမိတို့နိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် ပဋိပက္ခလျော့ပါးချုပ်ငြိမ်းရေး ကြိုးပမ်းဆောင်ရွက်ရာတွင် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား NCA သဘောတူ စာချုပ် ချုပ်ဆိုနိုင်ခဲ့ခြင်းသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးတက်မှုအတွက် ယနေ့အချိန်အထိ အရေးပါနေဆဲ ဖြစ်သည့်အတွက် NCA သဘောတူညီချက်များကို လက်တွေ့အသုံးချ အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းနှင့် ငြိမ်းချမ်းရေး ဖြစ်စဉ်နှင့် နိုင်ငံတည်ဆောက်ရေး လုပ်ငန်းစဉ်များတွင်လည်း လူငယ်များပါဝင်မှုကို မြှင့်တင်ပေးကြ ရမည်ဖြစ်ကြောင်း။

နိုင်ငံတော် အစိုးရအနေဖြင့် နိုင်ငံတကာဖြင့် ထိတွေ့ဆက်ဆံပြီး အရှိန်အဟုန်ဖြင့် ဆောင်ရွက်သည့်အတွက် နိုင်ငံတကာ ဆက်ဆံရေး  နယ်ပယ်အတွင်း ကောင်းမွန်သည့် ရလဒ်များနှင့် တိုးတက်အောင်မြင်မှု အခြေအနေများကို နိုင်ငံတကာမှသိရှိအောင် ထုတ်ဖော်ပြသနိုင်ခဲ့ကြောင်းနှင့် တာဝန်ရှိသူများကလည်း မူဝါဒ၊ လမ်းညွှန်ချက်များနှင့်အညီ ဝိုင်းဝန်းဆောင်ရွက်ပေးသွားကြရမည်ဖြစ်ကြောင်း။

နိုင်ငံတော် အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများနှင့် ဒုစရိုက်လုပ်ငန်းများ ထပ်မံ မပေါ်ပေါက်လာစေရေးတို့ အတွက် အမြစ်ဖြတ် နှိမ်နင်း ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်လျက်ရှိမှု အခြေအနေများကိုလည်း သတင်းမီဒီယာများမှ သတင်းထုတ်ပြန်ခြင်း၊ ရန်ကုန်မြို့အခြေစိုက် သံတမန်နှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များကို သတင်းစာ ရှင်းလင်းပွဲများကျင်းပ၍ ရှင်းလင်း ပြောကြားမှုများ ပြုလုပ်ပေးနိုင်ခဲ့ကြောင်းနှင့် နယ်စပ်ဖြတ်ကျော် ဒုစရိုက်မှုများကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် အမြစ်ပြတ်သည်အထိ ဆက်လက် ဖော်ထုတ်၍ ထိရောက်သည့် ပြစ်ဒဏ်များကိုလည်း ချမှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

တရားမဝင် ကုန်သွယ်မှုများနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူး ရောင်းချမှုများသည် နိုင်ငံတော် လုံခြုံရေး (National Security) ကို ခြိမ်းခြောက်နိုင်သည့်အတွက် ၎င်းကိစ္စရပ်များကို ထိရောက်စွာ တိုက်ဖျက်ခြင်းအားဖြင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို တစ်ဖက် တစ်လမ်းမှ အထောက်အကူပြု စေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တရားမဝင် ကုန်သွယ်မှုနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို ပြည်သူလူထု အပါအဝင် နိုင်ငံတကာအဖွဲ့ အစည်းများနှင့် ပူးပေါင်း၍ အမြစ်ပြတ်သည်အထိ ထိရောက်စွာ တားဆီးကြပ်မတ် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း။

နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆောင်ရွက်နိုင်ငံတော်၏ စီးပွားရေးစနစ်သည် ဈေးကွက်စီးပွားရေးစနစ် ဖြစ်သည် ဆိုသည့် ပြဋ္ဌာန်းချက်နှင့်အညီ အနာဂတ်စီးပွားရေး ဝန်းကျင်တွင် ပုဂ္ဂလိကအခန်း ကဏ္ဍသည် ပိုမိုအရေးပါလာမည် ဖြစ်ကြောင်း၊ နိုင်ငံတော်အကြီး အကဲအနေဖြင့်လည်း နိုင်ငံ၏ အခြေခံ အချက်အလက်များ အပေါ်မူတည်၍ နိုင်ငံ့စီးပွား ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက် သင့်သည်များကို ဆွေးနွေးအဖြေရှာ ဖော်ထုတ်ပေးကြရန် တိုက်တွန်း ပြောကြားထားပြီးဖြစ်၍ အလေးထား ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း။

နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို ယခုထက်ပိုမို အောင်မြင် ဖြစ်ထွန်းအောင် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ တိုးတက်စေရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်း လေးမျိုးစလုံး ပြည့်စုံအောင် ဆောင်ရွက်ရန်လိုအပ် ကြောင်း၊ ဝါးကိုအခြေခံသည့် တန်ဖိုးမြှင့်ပစ္စည်းများ၊ ပြည်တွင်း စားသုံးဆီ ထုတ်လုပ်မှုကို အထောက်အကူပြုစေမည့်ဆီထွက် သီးနှံဖြစ်သည့် နေကြာကိုလည်း ပိုမိုတိုးမြှင့် စိုက်ပျိုးသွားကြရမည် ဖြစ်ကြောင်း၊ စားရေးကို အထောက်အကူပြုစေသည့် အသားစားကြက်၊ ဥစားကြက်၊ ဘဲ၊ ငါး၊ ဝက်နှင့် နို့စားနွားမွေးမြူရေး လုပ်ငန်းများကို ပိုမိုတိုးချဲ့မွေးမြူသွားရန် လိုအပ်ကြောင်းနှင့် နွားမွေးမြူရေးကို မြှင့်တင်ဆောင်ရွက်ခြင်းဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ အတွက် လိုအပ်သည့် ဇီဝမြေဩဇာများကို ရရှိနိုင်မည်ဖြစ်ကြောင်း။

နိုင်ငံတော် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် ခိုင်မာစေရေးအတွက် ပညာရေးကဏ္ဍ၊ ကျန်းမာ ရေးကဏ္ဍတို့ကို အလေးထား မြှင့်တင် ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ယခုအခါ အခြေခံပညာ အလယ်တန်းအဆင့် (KG+9)ကို မသင်မနေရ အဆင့်သတ်မှတ်ပြီး ပညာရေး အဆင့်မြှင့်တင်နေပြီ ဖြစ်ကြောင်း၊ အခြေခံပညာ အထက်တန်းအဆင့်တွင် အသက် မွေးဝမ်းကျောင်းနှင့် ပတ်သက်သည့် ပညာရပ်သင်ကြားပေးရုံ သာမက အလယ်တန်းအဆင့်၌လည်း စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အခြေခံဗဟုသုတများ သင်ကြား ပေးသွားမည်ဖြစ်ကြောင်း၊ မကြာမီ ကာလအတွင်း အခြေခံပညာ ကျောင်းများ၌ အတန်းတင် စာမေးပွဲများ ကျင်းပတော့မည် ဖြစ်သည့်အတွက် အောင်မြင်စွာ ဖြေဆိုနိုင်ရေး ဆရာ ဆရာမများနှင့် မိဘများပူးပေါင်း၍ ကျောင်းသား ကျောင်းသူများကို တိုက်တွန်း အားပေး ဆောင်ရွက်ပေးကြစေ လိုကြောင်း။

ပညာရေးဝန်ကြီးဌာန အနေဖြင့် သင်ရိုးညွှန်းတမ်းရေးဆွဲရာတွင် အခြေခံပညာရေး ဥပဒေနှင့် အမျိုးသားပညာရေး ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ မူလတန်း၊ အလယ်တန်း၊ အထက်တန်း အဆင့်ပညာရေးများမှ သင်ရိုး ညွှန်းတမ်းများသည် အဆင့်မြင့် ပညာရေး၊ နည်းပညာနှင့် သက်မွေးပညာရေးစသည့် ပညာရပ်များကို ဆက်လက်သင်ယူ နိုင်ရန်အတွက် မြန်မာစာ၊ အင်္ဂလိပ်စာကဲ့သို့သော သင်ကြား သင်ယူမှု ဘာသာစကားများကို မဖြစ်မနေ သင်ကြားပေးမှသာ အခြေခံကောင်းများကို လေ့ကျင့် ပျိုးထောင်ပေးနိုင်ရန် အထောက် အကူပြုရမည်ဖြစ်ကြောင်း။

ကျန်းမာရေးကဏ္ဍနှင့် စပ်လျဉ်း၍ (၅၄)ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသန ညီလာခံ ဖွင့်ပွဲအခမ်းအနားတွင်လည်း နိုင်ငံတော်အကြီးအကဲက “မိမိတို့ပြည်သူများ အခြေခံ ကျန်းမာရေး ကောင်းမွန်ပြီး သက်ရှည်ကျန်းမာစွာ နေထိုင်နိုင်ရန်အတွက် အာဟာရဆိုင်ရာ သုတေသနများ၊ အစားအသောက် ဘေးကင်းလုံခြုံမှုဆိုင်ရာ သုတေသနများ၊ ကျန်းမာရေးနှင့် ညီညွတ်စွာ နေထိုင်ပြုမူရေးနှင့် ပတ်သက်သည့် လက်တွေ့အသုံးချ ကျန်းမာရေး သုတေသနများကို တိုးမြှင့်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ အဆိုပါသုတေသန တွေ့ရှိ ချက်များကို ပြည်သူလူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် ကျန်းမာရေးဆိုင်ရာ ကြိုတင် ကာကွယ်မှု ပညာပေးလုပ်ငန်းများကိုပါ ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်းကို လမ်းညွှန် မှာကြားခဲ့သဖြင့် လိုက်နာ အကောင်အထည် ဖော်ကြရန် လိုအပ်ကြောင်း။

နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်စေရေး အကောင်အထည်ဖော် ဆောင်ရွက်ကြမည့် လုပ်ငန်းစီမံ ကိန်းများအတွက် ဘဏ္ဍာငွေများကို စနစ်တကျ လျာထားတွက်ချက်ရန်လိုအပ်ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာန၊ အဖွဲ့အစည်းများ အနေဖြင့်လည်း မိမိတို့တာဝန်ယူ ဆောင်ရွက်ရသည့် ကဏ္ဍအလိုက် အောင်မြင်အောင် ကြိုးပမ်း ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ အသုံးစရိတ်များကိုလည်း ဘဏ္ဍာရေးစည်းမျဉ်း၊ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ အလေအလွင့်မရှိအောင် သုံးစွဲကြရန် လိုအပ်ကြောင်းနှင့် နိုင်ငံတော်တစ်ဝန်း တည်ငြိမ် အေးချမ်းသာယာ ဝပြောရေး၊ စားရေရိက္ခာဖူလုံရေး၊ ပတ်ဝန်းကျင် သာယာလှပရေးနှင့် စည်းကမ်း ပြည့်ဝသည့် ဒီမိုကရေစီ ယဉ်ကျေးမှု ထူထောင်နိုင်ရေးတို့ကို ပြည်သူ လူထုနှင့် ပူးပေါင်း၍ တက်ညီ လက်ညီ ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးများက အမှာစာများအား ရှင်းလင်း ဖတ်ကြားကြပြီး သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆောင်ရွက်လျက်ရှိမှုနှင့် ဆက်လက်ဆောင်ရွက် သွားမည့် အစီအမံများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေး တင်ပြကြသည်။

ယင်းနောက် နိုင်ငံတော် ဝန်ကြီးချုပ်က ပြည်ထောင်စု ဝန်ကြီးများ၏ တင်ပြဆွေးနွေး ချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။  

သတင်းစဉ်