မင်းဘူး ဇန်နဝါရီ ၂၇
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် မင်းဘူး(စကု)မြို့နယ် နန်းတော်ကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ကျင်းပသည်။
ဦးစွာ မကွေးတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး တိုင်းဒေသကြီး စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး ကော်မတီ ဥက္ကဋ္ဌဦးမျိုးမြင့်၊ တိုင်းဒေသကြီးအခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာကျော်စိုးနိုင်နှင့် မင်းဘူးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအေးလွင်တို့က ဖွင့်ပွဲမုခ်ဦးဆိုင်းဘုတ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ကြပြီး ပွဲတော်အတွင်း ခင်းကျင်းပြသထားသော လှပသာယာ ပြည်မြန်မာ ရောင်စုံဓာတ်ပုံပြခန်း၊ ဌာနဆိုင်ရာပြခန်းများ ၊ စာအုပ်အရောင်း ဆိုင်နှင့် ကျောင်းသား ကျောင်းသူများ ဆေးရောင်ခြယ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးကြသည်။
ဆက်လက်၍ အခမ်းအနားဒုတိယပိုင်းကို ကျောင်းခန်းမ၌ကျင်းပရာ ကျောင်းသား ကျောင်းသူများက အလှဆုံးပန်းများပွင့်ကြပြီ တေးသီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးက အမှာစကား ပြောကြားသည်။
ထို့နောက် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အတွင်း ထည့်သွင်းကျင်းပသော အခြေခံ ပညာအထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ မူလတန်း(ထက်ဆင့်) ပုံပြင်ပြောပြိုင်ပွဲ၊ မူလတန်း (အောက်ဆင့်) ကဗျာရွတ်ဆိုပြိုင်ပွဲများတွင် ဆုရရှိကြသူများနှင့် ပွဲတော်၌ အထူးအစီအစဉ်တစ်ရပ်အဖြစ် ထည့်သွင်းကျင်းပသော အမြဲမပြတ် လေ့လာသင်ယူရေးစကားဝိုင်း (Never Stop Learning Talk Show)တွင် စာရေးဆရာမ မစန္ဒာရေးသားသော “အရိပ်” စာအုပ်ကို ပါဝင်ဆွေးနွေးခဲ့ကြသည့် ကျောင်းသား ကျောင်းသူများအား လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုနှင့် ချီးမြှင့်ငွေများပေးအပ်ပြီး ကျောင်းသား ကျောင်းသူများ၏ ဧည့်ခံဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေး ကြသည်။
အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် အခြေခံပညာအဆင့် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများ၊ အမြဲမပြတ်လေ့လာသင်ယူရေး စကားဝိုင်းများအပြင် ဓာတ်ပုံပြခန်း၊ ဌာနဆိုင်ရာများ၏ အသိပညာပေး ပြခန်းများဖြင့် ဇန်နဝါရီ ၂၆ ရက်မှ ၂၇ ရက်အထိ နှစ်ရက်တိုင်တိုင် ကျင်းပရာ ကျောင်းသား ကျောင်းသူများက အေးချမ်းပျော်ရွှင်စွာ လာရောက် ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


