နေပြည်တော် ဇန်နဝါရီ ၂၈
ပြည်ထောင်စုနယ်မြေ နေပြည်တော် သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ၊ ဌာနဝန်ထမ်းများနှင့် လယ်ဝေးမြို့နယ်အတွင်းရှိ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် နွေစပါးစိုက်ပျိုးရေးစီမံကိန်းတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနှင့် နိုင်ငံတော်ထောက်ပံ့ငွေ (သက်တန့်ရောင်စီမံကိန်း)ဖြင့် နွေစပါးစိုက်ပျိုး ဆောင်ရွက်မည့် အခြေခံသမဝါယမအသင်း အမှုဆောင်အဖွဲ့များနှင့် ယမန်နေ့နံနက်ပိုင်းက လယ်ဝေးမြို့နယ် သမဝါယမဦးစီးဌာန၌ တွေ့ဆုံဆွေးနွေးသည်။
တွေ့ဆုံပွဲတွင် ညွှန်ကြားရေးမှူး ဒေါ်ဆုယဉ်မြင့်က ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် နွေစပါးစိုက်ပျိုးရေး စီမံကိန်းတွင် လယ်ဝေးမြို့နယ်အနေဖြင့် နိုင်ငံတော်ဘဏ္ဍာရန်ပုံ ငွေများဖြင့် မျိုး၊ သွင်းအားစုများ ရယူဆောင်ရွက်မည့် အသင်းသား တောင်သူများအနေဖြင့် အမှန်တကယ် စိုက်ပျိုးဆောင်ရွက်ကြပြီး စိုက်ပျိုးရာတွင် အထွက်တိုး မျိုးကောင်း မျိုးသန့်များကို စိုက်ပျိုးရန်လိုအပ်ကြောင်း၊ အသင်းသား တောင်သူများကလည်း မိမိတို့ နွေစပါးစိုက်ဧကများ စပါးအထွက်နှုန်း ယခင်နှစ်ထက် ပိုမိုရရှိစေရန် ဦးစီးဌာနနှင့် ပေါင်းစပ်ဆောင်ရွက်သွားရန် ပြောကြားသည်။
ဆက်လက်၍ အခြေခံသမဝါယမ အသင်းအမှုဆောင်များက မိမိတို့အသင်းရှိ နွေစပါးစိုက်ပျိုးမည့် အသင်းသား တောင်သူများ၏ လယ်ယာမြေအခြေအနေများ၊ မျိုး၊ သွင်းအားစု လိုအပ်မှုများနှင့် နွေစပါးစိုက်ပျိုးမည့် အစီအစဉ်များကို တင်ပြဆွေးနွေးရာ ညွှန်ကြားရေးမှူးက လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးပြီး ရုံးတောကျေးရွာရှိ ရွှေဝါထွန်း(၂) စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်း၏ လုပ်ငန်းဆောင်ရွက်မှုများကို ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
သတင်းစဉ်


