မုံရွာ ဇန်နဝါရီ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး လူငယ်ငြိမ်းချမ်းရေးဖိုရမ် (၂၀၂၆) ထပ်ဆင့်ရှင်းလင်းပွဲကို ယနေ့ နံနက်ပိုင်းက မုံရွာစီးပွားရေး တက္ကသိုလ်ငွေရတုခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်၊ ဒီဂရီ ကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ကျောင်းသား ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာသူများက အလေးပြုကြပြီး“ငြိမ်းချမ်းရေးနှင့် နိုင်ငံတည်ဆောက်ရေး လူငယ်များပါဝင်မှု မြှင့်တင်ပေး” Video Clip ကို ကြည့်ရှုကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကား ပြောကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ ကျောင်းသား ကျောင်းသူများက “ငြိမ်းချမ်းရေး ဖိုရမ်” အမှတ်တရလက်ဆောင် ပစ္စည်းကို ပေးအပ်ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မုံရွာစီးပွားရေး တက္ကသိုလ် ပါမောက္ခချုပ်ထံ ငွေကျပ်သိန်း ၅၀ နှင့် မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များနှင့် သင်တန်းကျောင်းများ အတွက် အားကစားပစ္စည်းများကို ပေးအပ် ချီးမြှင့်သည်။
ဆက်လက်၍ နေပြည်တော်၌ ကျင်းပသည့် ငြိမ်းချမ်းရေးဖိုရမ်သို့ တက်ရောက်ကြသူများက အမှတ်တရ စကားပြောကြားကြပြီး မုံရွာ ပညာရေး ဒီဂရီကောလိပ်နှင့် သူနာပြု သားဖွားသင်တန်း ကျောင်းတို့မှ သင်တန်းသား သင်တန်းသူတစ်ဦးစီက ဒေသအလိုက် မတူကွဲပြားသည့် ငြိမ်းချမ်းရေး အတွေ့အကြုံများမှ လူငယ်များ၏ အသံများကို ဖတ်ကြားတင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးက မုံရွာ စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ထံ ငွေကျပ် ၁၀ သိန်း၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးက တေးသီချင်းများဖြင့် ကပြသီဆို ဖျော်ဖြေပေးခဲ့ကြသည့် ကျောင်းသား ကျောင်းသူများထံ ဂုဏ်ပြုဆုငွေ ကျပ်ငါးသိန်း ပေးအပ်ချီးမြှင့်ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တက်ရောက် လာကြသည့် ကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ကာ “ခံစားရေးသား ငြိမ်းချမ်းရေးစကား” စာသားများကို အမှတ်တရရေးထိုးပေးကြသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


