နေပြည်တော် ဇန်နဝါရီ ၂၉
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေ စီမံခန့်ခွဲမှုအဖွဲ့၏ (၁/၂၀၂၆) အစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ပြည်တွင်းအခွန်များဦးစီးဌာနရုံးအမှတ် (၄၆) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း၊ ဒုတိယဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသွင်အောင်၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ဌာနအဖွဲ့အစည်းများမှအဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ မတည်ထောက်ပံ့ငွေကျပ် ဘီလီယံ ၁၇၀ ကို ထူထောင်ထား ပြီး MSME လုပ်ငန်းကော်မတီ၏ဆုံးဖြတ်ချက်အရ ငွေကျပ် ဘီလီယံ ၂၀ ကို MSME ဖွံ့ဖြိုးတိုးတက်ရေးအကူအညီ အထောက်အပံ့အဖြစ်လည်းကောင်း၊ ကျန်ငွေကျပ်ဘီလီယံ ၁၅၀ ကို ချေးငွေထုတ်ချေးနိုင်ရေးအတွက် လည်းကောင်း သုံးစွဲလျက်ရှိပါကြောင်း၊ MSME လုပ်ငန်းရှင်များသို့ ချေးငွေထုတ်ချေးရာတွင် MSME ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုဆိုင်ရာ ဘဏ္ဍာရေး စည်းမျဉ်း၊ ချေးငွေထုတ်ချေးခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ အတိုးနှုန်းသက်သာသောချေးငွေများကို စိစစ်ထုတ်ချေးပေးလျက်ရှိကြောင်း၊ ဇန်နဝါရီ ၂၃ ရက်အထိ MSME လုပ်ငန်းရှင် ၁၉၀ သို့ ချေးငွေ ပမာဏငွေကျပ်သန်းပေါင်း ၇၁၅၅ ကို ထုတ်ချေးခဲ့ပြီးဖြစ်ကြောင်း။
ထို့ပြင် MSME လုပ်ငန်းရှင်များ ချေးငွေရယူရာတွင်ပိုမိုအဆင်ပြေစေရန် ချေးငွေထုတ်ချေးခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းအပေါ် ပြင်ဆင် ဖြေလျှော့ပေးမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း၊ MSME ဖွံ့ဖြိုးတိုးတက်ရေးချေးငွေမှ ပိုမိုမြန်ဆန်စွာနှင့် ကျယ်ကျယ်ပြန့်ပြန့် ထုတ်ချေးနိုင်ရေးအတွက် မြန်မာ့စီးပွားရေးဘဏ်နှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တို့အပြင် ပုဂ္ဂလိကဘဏ် (၁၆) ဘဏ်က PFI ဘဏ်များအဖြစ် ပါဝင်ဆောင်ရွက်ခွင့်ပြုထားပြီးဖြစ်ကြောင်း၊ PFI ဘဏ်များအနေဖြင့် MSME ချေးငွေ ပိုမိုမြန်ဆန်စွာထုတ်ချေးနိုင်ရေးဆောင်ရွက်ရန်နှင့် ချေးငွေများ ထိရောက်စွာအသုံးပြုမှု ရှိ၊ မရှိ ကိုလည်း စိစစ်ကြပ်မတ်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးသွင်အောင်က စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကိုအခြေခံသော MSME ထုတ်လုပ်မှုလုပ်ငန်းများကို အားပေးမြှင့်တင်သွားကြ ရမည်ဖြစ်ပြီး ကြုံတွေ့နေရသော ငွေကြေးအရင်းအနှီး လိုအပ်ချက် အပါအဝင် အခက်အခဲများကို ကူညီဖြေရှင်းနိုင်ရန် ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မိမိအနေဖြင့် အေဂျင်စီဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိရာ အေဂျင်စီသည် MSME ဖွံ့ဖြိုးတိုးတက်ရေး မူဝါဒကို အကောင်အထည်ဖော်ဆောင်ရွက်သည့် အဖွဲ့အစည်းဖြစ်ပြီး MSME များအတွက် နည်းပညာနှင့် သတင်းအချက်အလက်များကို ပံ့ပိုးပေးလျက်ရှိကြောင်း၊ လုပ်ငန်းရှင်များ ငွေကြေးအထောက်အပံ့နှင့် ဘဏ်ချေးငွေရရှိနိုင်ရေးအတွက် ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့နှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
ယင်းနောက် ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ အဖွဲ့ဝင်များက MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေမှ ချေးငွေထုတ်ချေးပြီးစီးမှုနှင့် လက်ကျန်အခြေအနေ၊ ချေးငွေ စိစစ်ခွင့်ပြုမှုများအပေါ် ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြသည်။
ဆက်လက်၍ ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် MSME လုပ်ငန်းကော်မတီ၏ လမ်းညွှန်ချက်များနှင့်အညီ MSME များလိုအပ်သော ငွေကြေးအရင်းအနှီးများကို MSME အေဂျင်စီနှင့် ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့တို့ ပူးပေါင်း၍ မြန်ဆန်မှန်ကန်စွာ စိစစ်ထုတ်ချေးနိုင်ရေး ဆောင်ရွက်ကြရန်ဖြစ်ကြောင်း ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


