မြစ်ကြီးနား ဇန်နဝါရီ ၂၉

 

ဧရာဝတီ မြစ်ဆုံ-မြစ်ညှာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ ကချင်ပြည်နယ် ဒေသခံကော်မတီအဖွဲ့ဝင်များ၊ နည်းပညာဆိုင်ရာ လုပ်ငန်းအဖွဲ့ ပညာရှင်များနှင့် လီဆူတိုင်းရင်းသားမျိုးနွယ်စုများ၊ ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် မြစ်ကြီးနားမြို့ ရွှေပြည်သာရပ်ကွက် လီဆူရိုးရာယဉ်ကျေးမှုကွင်း ခန်းမဆောင်၌ ကျင်းပသည်။

 

ပြောကြား

တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် အဓိကကျသည့် စွမ်းအင်လိုအပ်ချက်၊ စွမ်းအင်ရရှိမှုဆိုင်ရာ စီမံကိန်းများနှင့်စပ်လျဉ်းပြီး ဧရာဝတီ မြစ်ဆုံ-မြစ်ညှာ မြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ သိသင့်သိထိုက်သည်များကို ပညာရှင်များက ရှင်းလင်းဆွေးနွေးပေးသွားမည်ဖြစ်ပါကြောင်း၊ တက်ရောက်လာကြသူများအနေဖြင့် ဟောပြောဆွေးနွေးချက်များအပေါ် ပွင့်ပွင့်လင်းလင်း အကြံပြု ဆွေးနွေးပေးကြစေလိုကြောင်းနှင့် ပြည်နယ်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး အားလုံးလက်တွဲ၍ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် နည်းပညာဆိုင်ရာ လုပ်ငန်းအဖွဲ့ဝင် ငလျင်နှင့် အင်ဂျင်နီယာဘူမိဗေဒပညာရှင် ဒေါက်တာ အေးလွင်က ငလျင်လှုပ်ခတ်မှုဆိုင်ရာ အခြေခံသဘော တရားများနှင့် ရေလှောင်တမံ တည်ဆောက်မှုဆိုင်ရာ ပုံစံများအကြောင်း သိကောင်းစရာများ၊ ရေအားလျှပ်စစ်ဒီဇိုင်းပညာရှင် ဒေါ်မြကြေးမုံက ရေအားလျှပ်စစ်ထုတ်ယူသုံးစွဲမှုနှင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများ၊ ကမ္ဘာ့နိုင်ငံကြီးများမှ ရေအားလျှပ်စစ် စီမံကိန်းကြီးများ၏ အကြောင်းအရာများ၊ မြစ်ကြောင်း ထိန်းသိမ်းရေးပညာရှင် ဦးဇော်လွင်က ဧရာဝတီမြစ်နှင့်စပ်လျဉ်း၍ မြစ်ကြောင်းဖြစ်ပေါ်မှု အခြေအနေများ၊ ထိန်းသိမ်းဆောင်ရွက်နိုင်သည့် နည်းလမ်းများ၊ ရေအရင်းအမြစ် စီမံခန့်ခွဲမှုပညာရှင် ဦးဟိန်းထက်က မြစ်များဖြစ်ပေါ်လာမှု၊ တမံများတည်ဆောက်ခြင်း၊ စွမ်းအင်ရရှိမှု၊ နည်းပညာနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးကြပြီး တက်ရောက် လာကြသည့် လီဆူတိုင်းရင်းသားများ၊ ဘာသာရေးဆရာများ၏ အမြင်သဘောထားများ၊ မေးမြန်းဆွေးနွေးမှုများကို ပြန်လည်ရှင်းလင်းဖြေကြားကြသည်။

 

အဆိုပါဆွေးနွေးပွဲသို့ ပြည်နယ်ဝန်ကြီးများ၊ ကချင်ပြည်နယ် ဒေသခံကော်မတီအဖွဲ့ဝင်များ၊ နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့မှ ပညာရှင်များ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ လီဆူမျိုးနွယ်စုဝင် ဘာသာရေးဆရာများ၊ မျိုးနွယ်စုခေါင်းဆောင်များ၊ လူငယ်အဖွဲ့အစည်းများနှင့် ဒေသခံများ စုစုပေါင်း ၁၀၀၀ ခန့် တက်ရောက်ကြသည်။

ပြည်နယ်(ပြန်/ဆက်)