မြဝတီ ဇန်နဝါရီ ၂၉

 

ကရင်ပြည်နယ် မြဝတီခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့မွန်းလွဲပိုင်းက မြဝတီခရိုင် စားသုံးသူရေးရာကော်မတီ (၁/၂၀၂၆) အစည်းအဝေးကို ကျင်းပသည်။

 

ဦးစွာ မြဝတီခရိုင် စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်စားသုံးသူရေးရာ ကော်မတီအတွင်းရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမျိုးဝင်းနိုင်က စားသုံးသူရေးရာ ကော်မတီအစည်းအဝေး (၁/၂၀၂၅) ဆုံးဖြတ်ချက်အပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများအား ဌာနဆိုင်ရာ ကော်မတီဝင်များနှင့် ပူးပေါင်းဆောင်ရွက်မှု အခြေအနေများ၊ စားသုံးသူအငြင်းပွားမှု၊ ဖြေရှင်းချက်နှင့်စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းဆောင်ရွက်မှု အခြေအနေများ၊ အွန်လိုင်းလိမ်လည် ရောင်းဝယ်မှုနှင့်စပ်လျဉ်း၍ အသိပညာပေး လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို တင်ပြဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် စားသုံးသူရေးရာ ကော်မတီဝင်များက မြဝတီမြို့အတွင်း အွန်လိုင်းလိမ်လည် ရောင်းဝယ်မှုနှင့် စပ်လျဉ်း၍ အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ မှတ်ပုံတင်နိုင်ရန် ကိစ္စရပ်များကို ကြီးကြပ်ဆောင်ရွက်ရန် လိုအပ်သည့်အခြေအနေများကို ဖြည့်စွက် ဆွေးနွေးတင်ပြခဲ့သည်။

 

ဆက်လက်ပြီး ခရိုင်စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းက စားသုံးသူကာကွယ်နိုင်ရေး အသိပညာပေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ အွန်လိုင်းလိမ်လည် ရောင်းဝယ်မှုကို ဟန့်တားနိုင်စေရေးအတွက် ဆောင်ရွက်ရန် လိုအပ်သည့်အချက်များကို မှာကြားဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆောင်းနှင်းဖြူ (ပြန်/ဆက်)