နေပြည်တော် ဇန်နဝါရီ ၂၉

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာနယ်ပယ် (၁) အကောင်အထည်ဖော်မှု ကြီးကြပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ဥပဒေရေးရာဝန်ကြီးဌာနရှိ အစည်းအဝေး ခန်းမ(၁)၌ ကျင်းပသည်။

အစည်းအဝေးသို့ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ နယ်ပယ် (၁) အကောင်အထည်ဖော်မှု ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး၊ ကော်မတီဝင်များဖြစ်ကြသည့် သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာဒုတိယဝန်ကြီးနှင့် ဒုတိယ ရှေ့နေချုပ်က မိမိကော်မတီဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်လျက်ရှိသော မဟာဗျူဟာ နယ်ပယ်(၁) အကောင်အထည်ဖော်မှု ကြီးကြပ်ရေး ကော်မတီသည် “ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ မူဝါဒများ၊ ညွှန်ကြားချက်များနှင့် ဥပဒေမူဘောင်များကို နိုင်ငံတကာ စံနှုန်းများနှင့်အညီ ပိုမိုတိုးတက် ခိုင်မာစေရေး ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ (၂၀၂၄-၂၀၂၈) အရ ဆောင်ရွက်ရမည့် မဟာဗျူဟာရည်မှန်းချက် ခုနစ်ချက်နှင့် မဟာဗျူဟာအစီအစဉ် ၂၉ ချက်ရှိပါပြီး ၂၀၂၄ ခုနှစ်အပြီး အကောင်အထည် ဖော်ရမည့် မဟာဗျူဟာအစီအစဉ် နှစ်ချက်၊ ၂၀၂၅ ခုနှစ်အပြီး အကောင်အထည် ဖော်ရမည့် မဟာဗျူဟာအစီအစဉ် ၁၀ ချက်၊ ၂၀၂၆ ခုနှစ် အပြီး အကောင်အထည် ဖော်ရမည့် မဟာဗျူဟာအစီအစဉ် နှစ်ချက်၊ ၂၀၂၇ ခုနှစ်တွင် အကောင်အထည် ဖော်ရမည့် မဟာဗျူဟာအစီအစဉ် ခြောက်ချက်၊ ၂၀၂၈ ခုနှစ်အတွင်း အကောင်အထည် ဖော်ရမည့် မဟာဗျူဟာအစီအစဉ် ငါးချက်နှင့် စဉ်ဆက်မပြတ် ဆောင်ရွက်ရမည့် အချက်လေးချက် ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် ငွေကြေးခဝါချမှု နှင့်စပ်လျဉ်း၍  မြန်မာနိုင်ငံ၏ တိုးတက်ဆောင်ရွက်မှုများကို စောင့်ကြည့်မည့်နိုင်ငံနှင့် ဒေသများ စာရင်းမှ ပယ်ဖျက်နိုင်ရေးကို၂၀၁၈ ခုနှစ်မှစတင်၍ APJG သို့ တိုးတက်မှု အစီရင်ခံစာများ ပေးပို့လျက် ရှိရာ ၂၀၂၅ ခုနှစ်အထိ FATF အကြံပြုချက် ၄၀ အနက် စံနှုန်းသတ်မှတ်ချက်   ၂၆ ချက်မှာ မြင့်မားသည့်အဆင့် သတ်မှတ်ချက် ရထားပြီးဖြစ်သည့်အတွက် မိမိတို့ ကော်မတီများ၏ လုပ်ဆောင်မှုများနှင့်စပ်လျဉ်း၍ ကျေနပ်အားရမိပါကြောင်း၊ တက်ရောက်လာကြသော ကော်မတီ အဖွဲ့ဝင်များအနေဖြင့် အမျိုးသားအဆင့်မဟာဗျူဟာ သတ်မှတ်ထားသည့် အချိန်ဇယားအတိုင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

ထို့နောက် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ နယ်ပယ် (၁) အကောင်အထည်ဖော်မှု ကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူး ဥပဒေရေးရာ ဝန်ကြီးဌာန ဥပဒေအကြံဉာဏ် ပေးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်နော်စေးဝါးဖော က ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ နယ်ပယ် (၁) နှင့်စပ်လျဉ်း၍ ၂၀၂၅ ခုနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုနှင့် ၂၀၂၆ ခုနှစ်အတွင်း ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက် လာကြသူများက ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှု ကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ နယ်ပယ် (၁) နှင့် စပ်လျဉ်း၍ ဌာနအဖွဲ့အစည်း အလိုက်အကောင်အထည်ဖော် ဆောင်ရွက်မှု အခြေအနေနှင့် ဆက်လက် ဆောင်ရွက်ရမည့် အချက်များကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြကြောင်း သိရသည်။

သတင်းစဉ်