တောင်ငူ ဖေဖော်ဝါရီ ၁

မန္တလေး မြေငလျင်ကြီးကြောင့် ထိခိုက်ခဲ့သည့် တောင်ငူမြို့ ရှေးဟောင်းသမိုင်းဝင် မဟာအောင်မြေ ကောင်းမှုတော်စေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်တင် လှူပွဲနှင့် ဗုဒ္ဓါဘိသေကအနေကဇာ တင်မင်္ဂလာအခမ်းအနားကို ဇန်နဝါရီ ၃၁ ရက်နံနက်ပိုင်းက ကောင်းမှုတော်စေတီတော်၌ ကျင်းပသည်။

ဦးစွာ စေတီတော်မြတ်ကြီးတွင် စိန်ဖူးတော်သစ်၊ ငှက်မြတ်နားတော်သစ်၊ ထီးတော်သစ်တင်လှူ ပူဇော်ခြင်း၊ ငှက်ပျောဖူးမှ ဖောင်းရစ်ထိ ရွှေသင်္ကန်းကပ်လှူခြင်းအတွက် အလှူတော်ငွေကျပ် သိန်းပေါင်း ၆၇၅၀ မတည်လှူဒါန်း ပေးခဲ့သော အလှူဒါယကာ CB Bank ဥက္ကဋ္ဌ ဦးခင်မောင်အေး + ဇနီး ဒေါ်ဝတ်ရည်အေး မိသားစုနှင့် ခုနစ်ရက်သားသမီးအလှူရှင်များက သံဃာတော် အရှင်မြတ်များထံမှ ကိုးပါးသီလခံယူဆောက်တည်ပြီး မေတ္တသုတ် ပရိတ်တရားတော်ကို နာယူကြည်ညိုကြကာ လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်သည်။ ယင်းနောက် ဥပါသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်သဲ၊ ပရိတ်ချည်များကို ယူဆောင်၍ စေတီတော်ရင်ပြင်တွင် ပက်ဖျန်းချည်နှောင်ပြီး ဆရာတော်အရှင်မြတ်များထံ စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်၊ ရွှေထီးတော်များကို ယာယီစံကျောင်းမှ ပန်းရထားဖြင့် ပင့်ဆောင်မည့် မင်္ဂလာမဏ္ဍပ်သို့ စေတီတော်ကို လက်ယာရစ် တစ်ပတ်ပတ်ပြီး ပင့်ဆောင်သည်။ ထို့နောက် ခုနစ်ရက်သားသမီး အလှူရှင်များက သတ်မှတ်နေရာ အသီးသီးတွင်နေရာယူ၍ ထီးတော်၊ ဘုံအဆင့်များ၊ ငှက်မြတ်နားတော်နှင့် စိန်ဖူးတော်တို့ကို ပန်းရထားဖြင့် အစီအစဉ်အတိုင်း တင်လှူပူဇော်ပြီး ဆရာတော် အရှင်မြတ်များက ဗုဒ္ဓါဘိသေက အနေကဇာတင်၍ ဗုဒ္ဓါဘိသိက် သွန်းတော်မူခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)